ရုရှားရဲ့ SU-35 တိုက်လေယာဉ် တစ်ဒါဇင် အီရန်ဆီ ထောက်ပံ့ပေးပို့ဖို့ရှိနေ

ရုရှားဟာ အီရန်အတွက် အဆင့်မြင့် တိုက်လေယာဉ် ၁၂ စီး ထောက်ပံ့ ပေးပို့သွားဖို့ စီစဉ်နေကြောင်း အမေရိကန် စစ်ထောက်လှမ်းရေး အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။

ရရှားလုပ် Sukhoi SU-35 တိုက်လေယာဉ် ၁၂ စီးဟာ မကြာခင် လပိုင်းလောက်အတွင်း အီရန်ရဲ့ လက်ထဲကို ရောက်ရှိနိုင်တယ်လို့ အမေရိကန်က ဆိုပါတယ်။ ဒီကိစ္စဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အီရန်ရဲ့ ခါးသီး ရန်ဘက်လို့ ဆိုရမယ့် အစ္စရေးအတွက် သတိပေး ခေါင်းလောင်းသံ ဖြစ်လာပါတယ်။

အီရန်နဲ့ ရုရှားတို့ဟာ မတူညီတဲ့ အကြောင်းရင်းတွေကြောင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ကြုံနေရပါတယ်။ အီရန်ဟာ နျူကလီးယား လက်နက် နည်းပညာတွေ စမ်းသပ် တီထွင်နေတာကြောင့်၊ ရုရှားကတော့ ယူကရိန်းကို ကျူးကျော်စစ် ပြုခဲ့တာကြောင့် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီအခြေအနေတွေကပဲ နှစ်နိုင်ငံ စစ်ရေးအရ ဆက်ဆံမှုတွေကို ပိုမို နီးစပ်လာစေခဲ့ပါတယ်။

အီရန်က အကြိမ်ကြိမ် ငြင်းဆိုထားတဲ့တိုင် ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် အီရန်က ဖောက်ခွဲရေး ဒရုန်းတွေ ထောက်ပံ့ ပေးပို့ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အများကြီး ထွက်ပေါ်လာပါတယ်။ အခုအခါ အပြန်အလှန် အနေနဲ့ ရုရှားက အီရန်ကို F-35 တိုက်လေယာဉ်တွေ ရောင်းချပေးဖို့ ပြင်ဆင်လာတဲ့ သဘောပါပဲ။ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် လေယာဉ် အပိုပစ္စည်းတွေ ဝယ်ယူဖို့ ခက်ခဲနေတဲ့ အီရန် အတွက်တော့ ရုရှားလုပ် တိုက်လေယာဉ်တွေ ဝယ်ယူလာနိုင်တာဟာ အခွင့်အရေးကောင်း တစ်ခုလို့ ယူဆဖွယ် ရှိနေပါတယ်။

အမေရိကန်ကလည်း ယူကရိန်းစစ်ပွဲ စတင်ကတည်းက အီရန်နဲ့ ရုရှားကြား စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို အရှိန်မြင့်လာတယ်လို့ ပြောကြားထားပါတယ်။ အဲဒီ နှစ်နိုင်ငံဟာ ဆီးရီးယား ပြည်တွင်းစစ်မှာလည်း သမ္မတ ဘာရှာ အယ်လ်အာဆတ်ဖက်က ပါဝင်ကူညီရင်း နီးစပ်မှုတွေ ရှိခဲ့ဖူးပါတယ်။

ယူကရိန်း ကျူးကျော်စစ်ပွဲ အတွင်းမှာ အီရန်ဟာ စျေးသက်သာပြီး အုံလိုက်ကျင်းလိုက် ပစ်ခတ်နိုင်တဲ့ ဖောက်ခွဲရေးဒရုန်း ၁၇၀၀ လောက်ကို ရုရှားဆီ ပေးပို့ခဲ့သလို နောက်ထပ် ဒရုန်း ၃၀၀ လောက် ထပ်မံ ပို့ဆောင်ဖို့ ပြင်ဆင်နေကြောင်း အမေရိကန်က စွပ်စွဲပြောဆိုထားပါတယ်။