စစ်ပွဲရပ်ဆိုင်းရေး ဆွေးနွေးဖို့ ရုရှားဖက်က အသင့်ရှိနေတယ်လို့ ပူတင်ပြော

စစ်ပွဲကို ရပ်ဆိုင်းရေး ဆွေးနွေးဖို့ ရုရှားက အသင့်ရှိပေမယ့် ယူကရိန်းရယ်၊ နောက်ကွယ်က အားပေး ထောက်ခံနေတဲ့ အနောက်နိုင်ငံတွေရယ်ကသာ သဘောထား တင်းမာနေတာ ဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

 

အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရ ကိုယ်တိုင်က ရုရှားရဲ့ စေ့စပ်ဆွေးနွေးရေး ကမ်းလှမ်းမှုတွေကို ငြင်းပယ်နေခဲ့ကြောင်း ပူတင်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထုတ်လွှင့်တဲ့ အင်တာဗျူး တစ်ခုမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

 

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တာ ၁၀ လတင်းတင်း ပြည့်မြောက်တဲ့ အချိန်မှာ ပူတင်က အမေရိကန်နဲ့ ယူကရိန်းကို အပြစ်ဖို့တဲ့ သဘောမျိုး လေသံဟလာခဲ့တာပါ။ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ဥရောပမှာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အသေအပျောက် အများဆုံး ပဋိပက္ခကြီး ပေါ်ပေါက်လာသလို ၁၉၆၂ ခုနှစ်၊ ကျူးဘား ဒုံးကျည် အရေးအခင်းနောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေး အတင်းမာဆုံး အခြေအနေမျိုး ကြုံလာခဲ့ရပါတယ်။

 

ရုရှားအစိုးရ ရုံးစိုက်တဲ့ ကရင်မလင် နန်းတော်က သူတို့ရဲ့ စစ်ရေး ရည်မှန်းချက်တွေ မအောင်မြင်မချင်း ဆက်လက် တိုက်ပွဲဝင်မယ်လို့ အစောပိုင်းမှာ ကြွေးကြော်ထားခဲ့ဖူးသလို ယူကရိန်းကလည်း နိုင်ငံပိုင်နက်ထဲက ရုရှားစစ်သား တစ်ယောက်မကျန် မောင်းထုတ်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ယတိပြတ် ပြောဆိုထားပါတယ်။ ဒါကြောင့်လည်း စစ်ပြေငြိမ်းရေး ကိစ္စ ညှိနှိုင်းဖို့ ခက်နေပြီး တစ်ဖက်နဲ့တစ်ဖက် ဝေဖန် ပြစ်တင်မှုတွေသာ ရှိနေခဲ့ပါတယ်။

 

ပူတင်က ရုရှားအနေနဲ့ ဘက်ပေါင်းစုံ လက်ခံနိုင်တဲ့ ဖြေရှင်းမှုတွေကို ညှိနှိုင်း အဖြေရှာဖို့ အသင့်ရှိနေခဲ့ကြောင်း၊ ဒါပေမဲ့ ဒီကိစ္စတွေ အထမြောက်လာဖို့က ယူကရိန်း အပေါ်မှာလည်း မူတည်နေကြောင်း အစိုးရပိုင် Rossiya 1 ရုပ်မြင်သံကြား ဌာနနဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

 

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အကြံပေး အရာရှိ တစ်ဦးဖြစ်တဲ့ မစ်ခိုင်လို ပိုဒိုလ်ယက်ခ်ကတော့ ပူတင်ရဲ့ အင်တာဗျူးကို လှောင်ပြောင်ခဲ့ပြီး ပူတင်ဟာ တကယ်တမ်းမှာ စစ်ပွဲကို ရပ်တန့်ဖို့ လုံးဝ ဆန္ဒမရှိတာကို လက်ခံသင့်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ရုရှားကသာ ယူကရိန်းကို တစ်ဖက်သတ် တိုက်ခိုက်ပြီး ယူကရိန်း ပြည်သူတွေကို သတ်ဖြတ်နေတာ ဖြစ်ကြောင်း၊ ပူတင်ဟာ စစ်ပွဲကို ရပ်ဖို့ ဆန္ဒမရှိဘဲနဲ့ တာဝန်ယူရမယ့် ကိစ္စတွေကို ရှောင်လွှဲချင်တာကြောင့်သာ ဟိုဟိုဒီဒီ လျှောက်ပြောနေတာဖြစ်ကြောင်း Twitterမှာ ရေးသားထားခဲ့ပါတယ်။

 

ပူတင်ကတော့ ယူကရိန်း စစ်ပွဲမှာ ရုရှားဟာ လမ်းကြောင်းမှန်မှန် ရှေ့ဆက်နေပေမယ့် အမေရိကန်က ဒီကိစ္စကို အကြောင်းပြုပြီး ရုရှားကို အပိုင်းပိုင်း ကွဲအောင် ကြိုးစားနေကြောင်း စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရကတော့ ရုရှားပြိုကွဲအောင် ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

 

ပူတင်က အမေရိကန်နဲ့ အနောက်နိုင်ငံတွေဟာ လတ်တလောမှာ ယူကရိန်းကို ထောက်ပံ့နေပေမယ့် အန္တရာယ် ရှိလောက်တဲ့ အခြေအနေထိ စစ်ပွဲမှာ ထဲထဲဝင်ဝင် ပါဝင်လာရဲမှာ မဟုတ်ကြောင်းလည်း မှတ်ချက် ပေးသွားခဲ့ပါတယ်။