ဂျပန်မှာ ဆီးနှင်းတွေ လွန်လွန်ကဲကဲ ကျဆင်းမှုကြောင့် လူတစ်ဒါဇင်ကျော် သေဆုံး

ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေမှာ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းပြီး ရာသီဥတု ဆိုးရွား ပြင်းထန်တာကြောင့် လူတစ်ဒါဇင်ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းတစ်ပတ်တာ ကာလအတွင်း ရာသီဥတု ဆိုးရွားမှုတွေနဲ့ ဆက်စပ်လို့ သေဆုံးသူ ၁၃ ဦးထက်မနည်း ရှိခဲ့တယ်လို့ သဘာဝ ဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး ဝန်ကြီး ကွိုင်ချီ တန်နီက ထုတ်ပြန်ပါတယ်။

ခရစ္စမတ်ကာလ သီတင်းပတ်တွေအတွင်း ကြုံလာနိုင်တဲ့ ရာသီဥတု အခြေအနေတွေအတွက် ပြည်သူတွေ အစွမ်းကုန် နိုးကြား သတိရှိကြဖို့လည်း တန်နီနဲ့အတူ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပူးတွဲ ကြေညာခဲ့ပါတယ်။ အအေးလွန်ကဲနေတဲ့ အခြေအနေတွေမှာ ပြည်သူတွေ အနေနဲ့ မဖြစ်မနေ သေရေးရှင်ရေး ကိစ္စမျိုး မဟုတ်ရင် အိမ်အပြင် မထွက်ကြဖို့လည်း ဝန်ကြီးနဲ့ ဝန်ကြီးချုပ်တို့က ပြောပါတယ်။

ဂျပန်မှာ ရာသီဥတု ဆိုးရွားတဲ့အတွက် ပြည်တွင်း လေကြောင်း ခရီးစဉ် ၂၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး ဖြစ်သလို နှင်းတွေဖုံးပြီး လမ်းပိတ်နေတဲ့ နေရာပေါင်း ၆၀ ဝန်းကျင်လောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ နီဂါတာမှာ ဆီးနှင်း မုန်တိုင်းတွေဒဏ်ကြောင့် လူပေါင်း သောင်းနဲ့ချီ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ကြုံခဲ့ရပါတယ်။

ဂျပန် မိုးလေဝသ ဝန်ကြီးဌာနကတော့ ဒီဇင်ဘာ ၂၆ ရက် နောက်ပိုင်းထိ နိုင်ငံ မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ဆီးနှင်း ထူထူထပ်ထပ် ဆက်လက် ကျဆင်းနိုင်ကြောင်း သတိပေးထားပါတယ်။

လက်ရှိ အချိန်ထိတော့ ရာသီဥတု ဆိုးရွားမှုတွေနဲ့ ဆက်စပ်လို့ အသေအပျောက် ၁၃ ဦး စာရင်းရထားပြီး ၈၀ ဝန်းကျင်လောက် ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ သိရပါတယ်။ ဟော့ကိုင်းဒိုးမှာ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးဟာ ရေခဲဖုံးနေတဲ့ လမ်းပေါ်မှာ အရှိန်မထိန်းနိုင်တဲ့ ထရပ်ကား နှစ်စီးကြား ညပ်မိလို့ သေဆုံးခဲ့သလို နီဂါတာမှာလည်း အသက် ၇၃ နှစ်အရွယ် အဖိုးအို တစ်ဦးက အိမ်ခေါင်မိုးပေါ်က ဆီးနှင်းခဲတွေကို ဖယ်ရှားရင်း ချော်ကျတာကြောင့် အသက်ဆုံးရှုံးခဲ့ရပြန်ပါတယ်။

ဒဏ်ရာရခဲ့သူ အများစုကတော့ ရေခဲဖုံးပြီး ချော်နေတဲ့ လမ်းတွေပေါ်ထွက်ရင်း မတော်တဆ ချော်လဲခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆေးရုံတွေရဲ့ မှတ်ချက်တွေအရ သိရှိရပါတယ်။