လောင်းလုံးမှာလက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေနဲ့ ဒေသခံခြောက်ဦးထက်မနည်းကို စစ်တပ်ကပစ်ခတ်ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာ ဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင်တချို့ကို စစ်ကောင်စီတပ်ကအင်အားအများအပြားနဲ့ဝိုင်းပြီး ဆိုင်ပိုင်ရှင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ခြောက်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ဒီဇင်ဘာ ၂၂ရက် ညပိုင်းက ထားဝယ်မြို့ကနေ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားလေးစီးနဲ့ မြို့နယ်ရဲစခန်းကိုရောက်ရှိလာပြီးနောက် လောင်းလုံးမြို့နယ် ထွေအုပ်ရုံးအနောက်ဘက်မှာ ဖွင့်ထားတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်နဲ့ လောင်းလုံး-ညောင်ပင် ကားလမ်းမပေါ်က အလွမ်းကဖီး လက်ဖက်ရည်ဆိုင်တွေကို ဝိုင်းပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ညတုန်းက လက်ဖက်ရည်ဆိုင်ပေါ့။ ထွေအုပ်ရုံးအနောက်ဘက်က လက်ဖက်ရည်ဆိုင်ပိုင်ရှင်အမျိုးသမီးတယောက်ပါတယ်။ နောက်တော့ အလွမ်းကဖီးဆိုတာရှိတယ်။ လောင်းလုံးကနေ ညောင်ပင်လမ်းဆုံ အဲ့ဒိနားမှာရှိတဲ့ အလွမ်းကဖီးဆိုင်။အဲ့ဒိမှာကျတော့ သူတို့က သွားဝိုင်းတာ”လို့ ဒီမိုရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်)ရဲ့တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ပိုင်ရှင်အချို့နဲ့ဒေသခံအချို့ကိုဖမ်းဆီးစဥ် ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံတချို့ကိုလည်း ပစ်ခတ်ဖမ်းဆီးတာတွေပါလုပ်ဆောင်ခဲ့တယ်လို့ လောင်းလုံးမြို့ဒေသခံတဦးကလည်း ပြောပါတယ်။
“သွားဝိုင်းတော့ထွက်ပြေးကြတာပေါ့။ထွက်ပြေးတော့ သူတို့သေနတ်နဲ့ပစ်ပြီးတော့ဖမ်းတယ်လို့ ပြောတယ်။ ဖမ်းတော့ အမျိုးသားကတော့ လွတ်သွားတယ်။ အမျိုးသမီးကတော့ ပါသွားလားမပါသွားဘူးလားတော့ သေချာမသိဘူး”လို့ လောင်းလုံးမြို့ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေဟာ လောင်းလုံးမြို့ပေါ်ရပ်ကွက်ကို ဧည့်စာရင်းစစ်ဆေးတာနဲ့ လမ်းသွား၊လမ်းလာပြည်သူတွေကို စစ်ဆေးတာတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။ လောင်းလုံးမြို့နယ်မှာ လက်ရှိရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ စစ်ကောင်စီတပ်က အခုလိုပစ်ခတ်ဖမ်းဆီးတာမျိုးအထိလုပ်ဆောင်နေတာဖြစ်တယ်လို့လည်းမြို့ခံတွေကပြောကြပါတယ်။
ဒီအခြေအနေတွေကြောင့် လောင်းလုံးမြို့နဲ့ အနီးတဝိုက်ကဒေသခံတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မသွားကြဖို့ နဲ့သတိထားသွားလာကြဖို့ သပိတ်ကော်မတီကသတိပေးထုတ်ပြန်ထားပါတယ်။