မြဝတီအပါအဝင် ကရင်ပြည်နယ် မြို့နယ်လေးခုမှာ လျှပ်စစ်မီး ရက်ရှည်ပျက်နေလို့ အခက်ကြုံ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အပါအဝင် အနီးတဝိုက် မြို့နယ်တွေဖြစ်တဲ့ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီးနဲ့ ကျုံဒိုးမြို့နယ်တွေမှာ လျှပ်စစ်မီးပြတ်တောက်နေတာ သီတင်းပတ်တခုအထိ ကြာခဲ့ပြီးနောက် အခက်အခဲတွေ ကြုံလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဓိကကတော့ ထမင်းဟင်းချက်တာပေါ့၊ လျှပ်စစ်မီးမရတော့ မီးသွေးတို့ ဂတ်စ်တို့နဲ့ ချက်ရတယ်၊ မီးစက်ရှိတဲ့ အိမ်တွေကတော့ မီးစက်နှိုးပြီး သုံးကြတာပဲ” လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြဝတီမြို့ သင်္ဃန်းညီနောင်က ပင်မထရန်စဖော်မာ ဒီဇင်ဘာ ၁၅ ရက်ညမှာ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ ရတာကြောင့် မီးလောင်ပျက်စီးခဲ့ပြီး မြဝတီမြို့အပါအဝင် အနီးတဝိုက်ဒေသတွေ လျှပ်စစ်မီးရက်ရှည်ပြတ်တောက်မှုနဲ့ ကြုံနေကြရတာပါ။

“အခုက မီးကလည်း ပျက်နေတယ်လေ၊ နောက်ပြီးတော့ လက်နက်ကြီးတွေလည်း ပစ်နေတော့ ထင်း တွေမီးသွေးတွေ ရောင်းတဲ့လူတွေက မြို့ကိုမတက်လာရဲဘူးလေ၊ အဲ့တော့ ပိုက်ဆံရှိတာတောင် ထင်းတို့ မီးသွေးတို့ကို ပိုက်ဆံရှိတာတောင် ဝယ်လို့မရတဲ့ အခြေအနေပေါ့” လို့ ကော့ကရိတ် ဒေသခံတဦးကလည်း ပြောပါတယ်။

ပင်မထရန်စဖော်မာတွေ ထိခိုက်ပျက်စီးသွားတာကြောင့် မီးပြတ်တောက်မှုဟာ ကာလရှည်နိုင်တယ် လို့ မြဝတီမြို့လျှပ်စစ်ဌာနနဲ့ နီးစပ်သူတဦးက DNA ကိုပြောထားပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးသွားတဲ့ ထရန်စဖော်မာတွေကို တပတ်နီးပါးကြာချိန်အထိ စစ်ကောင်စီ လျှပ်စစ်ဌာနက လာရောက်ပြုပြင်နိုင်တာ မရှိသေးဘူးလို့ ကရင်သတင်းဌာန KIC က လည်း ရေးသားဖော်ပြထားပါတယ်။

သင်္ဃန်းညီနောင် ဓာတ်အားခွဲရုံကို ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် ပင်မထရန်စဖော်မာနှစ် လုံး ထိခိုက်သွားပြီး တလုံးက သုံးမရအောင် ပျက်စီးသွားတယ်လို့ လျှပ်စစ်ဌာနနဲ့ နီးစပ်တဲ့သတင်းရင်း မြစ်ကို ကိုးကားပြီး KIC က ဖော်ပြပါတယ်။

ပျက်စီးသွားတဲ့ ထရန်စဖော်မာတွေကို ပြင်ဆင်ဖို့လည်း ညွှန်ကြားလာတာ မရှိသေးဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ တတိယပတ်အတွင်းကလည်း လျှပ်စစ်ဓာတ်အားလိုင်း တိုက်ခိုက်ခံရလို့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွေမှာ နှစ်လနီးပါး မီးပြတ်တောက်မှု ဖြစ်ခဲ့ပါ​သေး တယ်။

အဲ့ဒီလို ကာလရှည်မီးပြတ်တာကြောင့် လျှပ်စစ်ပစ္စည်းတွေ စျေးတက်တာ၊ စက်သုံးဆီ စျေးတက်တာ၊ချက်ပြုတ်ရေး အဆင်မပြေမှုတွေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတွေ၊ တပိုင်တနိုင်လုပ် ငန်းရှင်တွေ အခက်အခဲတွေနဲ့ ကြုံခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာလည်း အဲ့ဒီဒေသခံတွေအနေနဲ့ အလားတူ အခက်အခဲတွေကို ထပ်မံရင်ဆိုင်ကြဖို့ ရှိနေပါတယ်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာတော့ ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး ဝယ်ယူအသုံးပြုကြတာတွေလည်းရှိပြီး စက်ရုံ၊ အလုပ်ရုံစတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက အဓိက အသုံးပြုကြတာပါ။