အာဂျင်တီးနားအသင်း ဘတ်စ်ကားနဲ့ လှည့်လည် အောင်ပွဲခံတဲ့ အစီအစဉ်ကို စွန့်လွှတ်ခဲ့ရ

မိုးမမြင် လေမမြင် အောင်ပွဲခံနေတဲ့ ပရိသတ်တွေကြား တိုးမပေါက်တော့တာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား လက်ရွေးစင် ဘောလုံးအသင်းဟာ ဘတ်စ်ကားနဲ့ လှည့်လည် အောင်ပွဲခံမယ့် အစီအစဉ်ကို စွန့်လွှတ်ခဲ့ရပါတယ်။
ဒီဇင်ဘာ ၂၀ မှာ အာဂျင်တီးနားရဲ့မြို့တော် ဗျူနိုအေးရိစ်ကို ပြန်လည် ရောက်ရှိလာတဲ့နောက် အာဂျင်တီးနား အသင်းဟာ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြတဲ့ အာဂျင်တီးနား ပရိသတ်တွေကြား အမိုးဖွင့် ဘတ်စ်ကားကြီးနဲ့ လှည့်လည်ပြီး အောင်ပွဲခံဖို့ စီစဉ်ထားခဲ့ပါတယ်။
ဒါပေမဲ့ သန်းနဲ့ချီ များပြားတဲ့ လူတွေကြားမှာ ဘတ်စ်ကားက ရှေ့ကို ဘီးလှိမ့်ဖို့ ခက်တဲ့အထိ ဖြစ်လာတော့ တာ​ဝန်ရှိသူတွေက အစီအစဉ် ပြန်ပြောင်းဖို့ စဉ်းစားလာရပါတယ်။ လူတွေက အကြီးအကျယ် ပျော်နေပြီး ဘတ်စ်ကားနားမှာ ပိတ်နေတော့ ရှေ့ဆက်သွားလို့ကို မရတော့ဘူးလို့ အာဂျင်တီးနား သမ္မတရုံး ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂေဘရီရယ်လာ ကာရူတီက ရှင်းပြပါတယ်။
နောက်ဆုံးမှာတော့ အာဂျင်တီးနား ကစားသမားတွေဟာ မြို့ထဲမှာ ဘတ်စ်ကားနဲ့ ၈ နာရီကြာ လှည့်လည် အောင်ပွဲခံမယ့် ကိစ္စကို ဖျက်သိမ်းခဲ့ရပြီး မြို့လယ်ကို ရဟတ်ယာဉ်နဲ့ သွားရောက်ခဲ့တာပါ။ မူလက အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ရဲ့ လေ့ကျင့်ရေးကွင်း တစ်ခုကနေ ဗျူနိုအေးရိစ် မြို့လယ်ထိ မိုင် ၂၀ လောက် ခရီးစဉ်ကို ဘတ်စ်ကားနဲ့ ဖြည်းဖြည်းချင်းသွားဖို့ စီစဉ်ထားခဲ့တာပါ။
ကာတာမှာ အောင်ပွဲခံပြီး ၃၆ နှစ်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားကြီးကို အာဂျင်တီးနားနိုင်ငံဆီ ပြန်လည် ယူဆောင်လာနိုင်တဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ ကစားသမားတွေကို ပြည်သူတွေက ကြိုဆို ဂုဏ်ပြုနိုင်အောင်လို့ အာဂျင်တီးနား အစိုးရက ဒီဇင်ဘာ ၂၀ ကို ရုံးပိတ်ရက် သတ်မှတ်ပေးလိုက်ပါတယ်။ ဒါကြောင့်လည်း လမ်းပေါ်မှာ လူတွေပိုများနေပြီး ပြည်သူ ၄ သန်းကျော်လောက်က အာဂျင်တီးနား အသင်းကို စောင့်ကြိုနေခဲ့ကြပါတယ်။
လူမှုကွန်ရက် ဗီဒီယိုတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ ပရိသတ် တချို့ဟာ တံတားအောက်က ဘတ်စ်ကား ဖြတ်သွားချိန်မှာ ဘောလုံးသမားတွေ ရှိတဲ့ အမိုးဖွင့် ဧရိယာဆီ ခုန်ချဖို့ ကြိုးစားခဲ့ကြပြီး ပရိသတ် တစ်ယောက်က ပြုတ်ကျသွားတာကို တွေ့ခဲ့ရပါတယ်။ တချို့သတင်းတွေက အာဂျင်တီးနား ပရိသတ်တွေ စည်းလွတ်ဝါးလွတ် အောင်ပွဲခံရာက အနည်းဆုံး ၁ ဦးသေပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြပေမယ့် သီးခြား အတည်မပြုနိုင်ပါဘူး။
တချို့ အောင်ပွဲခံတဲ့ ပရိသတ်တွေက အလွန်အကျွံ ဆိုးဆိုးရွားရွား ဖြစ်စပြုလာတဲ့နောက် လုံခြုံရေး တာဝန်ရှိသူတွေက ဘတ်စ်ကားကို မြို့လယ်ရောက်တဲ့ထိ ဆက်သွားခွင့် မပေးတော့ပါဘူး။ စီစဉ်ထားသလိုတွေ မဖြစ်ခဲ့တဲ့အတွက် ပရိသတ်တွေကို အနူးအညွတ် တောင်းပန်ကြောင်း အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ချီကွီ တာပီရာက Twitterပေါ်မှာ ရေးသားခဲ့ပါတယ်။
အောင်ပွဲခံနေတဲ့ ပရိသတ် အများစုဟာ မက်ဆီနဲ့ ကွယ်လွန်သူ အာဂျင်တီးနား ဂန္ထဝင် ဘောလုံးကြယ်ပွင့်ကြီး ဒီယေဂို မာရာဒိုနာတို့ရဲ့ နာမည်တွေပါတဲ့ ဘောလုံးဂျာစီတွေကို ဝတ်ဆင်လာကြတာ တွေ့ရပါတယ်။ မက်ဆီဟာ မျိုးဆက်တစ်ခုရဲ့ အကောင်းဆုံး ဘောလုံးသမားအဖြစ် သတ်မှတ် ညွှန်းဆို ခံရပေမယ့် ကမ္ဘာ့ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အကြီးဆုံး ဖလားကြီးနဲ့ အကြိမ်ကြိမ် လွဲချော်ခဲ့ပြီး သူပါဝင်ယှဉ်ပြိုင်တဲ့ နောက်ဆုံး ကမ္ဘာ့ဖလားကျမှ ဒီဆုကြီးကို လက်တွေ့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။