မန္တလေးက မောသစ်ရွှေဆိုင်ပိုင်ရှင် ၃ ကြိမ်မြောက် ဓားမြတိုက်ခိုက်ခံရ ရွှေခြင်းတောင်းလိုက်ပါသွား

မန္တလေးမြို့မှာရှိတဲ့မောသစ်ရွှေဆိုင်ပိုင်ရှင် ဒီကနေ့ မနက်ပိုင်းက ၃ ကြိမ်မြောက် ဓားမြတိုက်ခိုက်ခံရပြီး အခုတကြိမ်မှာ ရွှေတွေခြင်းတောင်းလိုက်ပါသွားတယ်လို့ နီးစပ်တဲ့ဒေသခံတွေဆီကသိရပါတယ်။

ဒီနေ့ ဒီဇင်ဘာ(၂၀)ရက် မနက်(၇)နာရီကျော်လောက်က စက်မှုမြို့သစ်၊ (၆၃)လမ်းနှင့် (၁၄၀)လမ်းအနီးမှာရှိတဲ့  မောသစ်ရွှေဆိုင်ပိုင်ရှင်ရဲ့ နေအိမ်ရှေ့တွင် ဓားမြမှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

” စစ်တပ်အာဏသိမ်းပြီး အဲဒီရွှေဆိုင်ဓားမြတိုက်ခံရတာ ဒါနဲ့ပါဆိုရင် ၃ ကြိမ်ရှိသွားပြီး။ အခုဖြစ်တဲ့ ပုံစံကလည်း သူကိုစောင့်ကြည့်ပြီးတော့ လုပ်သွားတဲ့ ပုံစံမျိုးပါ ” ဒေသခံတဦးဆိုပါတယ်။

ရွှေဆိုင်ဖွင့်ဖို့အသွား ရွှေတွေ ခြင်းတောင်းထဲထည့်ပြီး ကားပေါ်တင်နေချိန်မှာ အမည်မသိလူ ၂ ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်ပစ်ဖောက်ပြီး ရွှေခြင်းထောင်း ၂တောင်းကို ယူဆောင်သွားတာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိရှိသူတွေရဲ့ပြောပြချက်အရသိရပါတယ်။

မောသစ်ရွှေဆိုင်က မန္တလေး စက်မှု(၂)ဈေးနဲ့ ၅၈ လမ်းပေါ်ရှိ (စ)စျေးတွင် ရွှေဆိုင်တွေ ဖွင့်လှစ်ထားပြီး အဲဒီဆိုင် ၂ ဆိုင်မှာလည်း ဓားပြတိုက်ခံခဲ့ရသေးတယ်လို့ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလတုန်းကလည်း ( စ) ဈေးနားက မောသစ်ရွှေဆိုင်ဓားမြတိုက်ခံရပြီး ၃ လခန့်အကြာမှာ စစ်အုပ်စုက တရားခံများ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

အခုနှစ် ဇူလိုင်လမှာလည်း စက်မှုဈေးလမ်းမှာရှိတဲ့ မောသစ်ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ရွှေချိန်ပိဿာနဲ့ချီပါသွားခဲ့ပါတယ်။