မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာရှိတဲ့ ဒေသခံတွေရဲ့ နေအိမ်နဲ့ဆိုင်ခန်းတွေအရှေ့က အမိုးအကာနဲ့ဆိုင်းဘုတ်တွေကို စစ်ကောင်စီလက်အောက်ခံ စည်ပင်က အတင်းအကျပ် ဖျက်သိမ်းခိုင်းနေတယ်လို့မြို့ခံတွေက ပြောပါတယ်။
မော်လမြိုင်မြို့တွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကျပ်ထားတဲ့ ရပ်ကွက်တွေဖြစ်တဲ့ စျေးကြို၊ သီရိမြိုင်၊ တောင်ဝိုင်း၊ မြိုင်သာယာ၊ ဒေါင်းဇရပ်နဲ့ မုပွန်ရပ်ကွက်က နေအိမ်နဲ့ဆိုင်ခန်းတွေရှေ့မျာရှိတဲ့ အမိုးကာတွေနဲ့ ဆိုင်းဘုတ်တွေကို လမ်းနယ်နမိတ်ကို ကျူးလွန်နေတယ်လို့ပြောပြီးဖယ်ရှားပေးဖို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
အခုလို နေအိမ်အဆောက်ဦနဲ့ ဆိုင်ခန်းရှေ့မျက်နှာစာတွေကို ဖယ်ရှားခိုင်းနေတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မော်လမြိုင်မှာဖြစ်ခဲ့တဲ့ ညောင်ပင်ဆိပ်ကမ်းနားပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်တွေက သူတို့လုံခြုံရေးကို လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောကြပါတယ်။
“အခုဆိုင်ခန်းတွေက လမ်းနယ်နမိတ်နဲ့ဆိုရင် လွတ်တယ်။ တချို့ဆိုင်ခန်းတွေကတော့ လမ်းမပေါ်ကျုးနေတာ ရှိနေတယ်။ အခုက အဲ့လိုမျိုးလုပ်တာ မဟုတ်ဘူး။ သူတို့တွေ ရှင်းတဲ့နေရာတွေကလမ်းဆုံလမ်းခွနေရာတွေ စီစီတီဗီတွေတပ်ထားတဲ့နေရာနဲ့ မဝေးတဲ့နေရာတွေကို အတင်းရှင်းလင်းဖို့ကြိုးစားနေတာ။ PDF တွေလာရင် သေချာမြင်ရအောင်လို့ လုပ်ဆောင်နေတာဖြစ်တယ်” လို့ မြိုင်သာယာရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီ စည်ပင်အဖွဲ့တွေဟာ နေအိမ်အဆောက်အအုံ တချို့ကို ဖယ်ရှားနေရင်း လမ်းဘေးသစ်ပင်တွေကိုပါ ခုတ်ပစ်တာကြောင့် ဒေသခံတွေသုံးနေတဲ့ အင်တာနက်ဝိုင်ဖိုင်လိုင်းတွေလည်း ပြတ်တောက်မှုဖြစ်ခဲ့ကြတယ်လို့လည်း ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့လက ညောင်ပင်ဆိပ်ကမ်းနား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မော်လမြိုင်မြို့တွင်းမှာ နေ့စဉ်လိုလို စစ်ဆေးတင်းကျပ်နေတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။
အဲဒီပစ်ခတ်မှုမှာတော့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်လူငယ် ၅ ဦးထက်မနည်း ပစ်ခတ်ဖမ်းဆီးခံလိုက်ရသလို စစ်ကောင်စီ လက်အောက်ခံတပ်သားနဲ့ အုပ်ချုပ်ရေးမှူးတယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။