ဗိုလ်လုပွဲမတိုင်ခင် ကစားသမားတွေ ဖျားနာမှုက ကစားပုံကို ထိခိုက်စေခဲ့တယ်လို့ ပြင်သစ်နည်းပြ ဝန်ခံ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မတိုင်ခင် ဖျားနာခဲ့တဲ့ သူ့ရဲ့ ကစားသမားတချို့ ပုံစံကောင်း မရခဲ့ဘဲ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုတွေ ရှိစေခဲ့တယ်လို့ ပြင်သစ် အသင်းနည်းပြ ဒီဒီရာ ဒက်စ်ချမ့်က ဖွင့်ဟခဲ့ပါတယ်။

 

ပြင်သစ်ဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ သိသိသာသာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့သလို ဒုတိယပိုင်း မိနစ် ၇၀ လောက်ထိ အာဂျင်တီးနားရဲ့ ထိန်းချုပ်မှုအောက်မှာ နစ်မြုပ်နေခဲ့ပါတယ်။ အာဂျင်တီးနားဟာ ပထမပိုင်းမှာ ကတည်းက နှစ်ဂိုးသွင်းပြီး ပွဲကို ဦးဆောင်နေရာက ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီက ဒုတိယပိုင်း ပြီးခါနီးမှာ ၂ မိနစ်အတွင်း ၂ ဂိုးဆက်တိုက် ချေပလိုက်တော့မှ ပွဲက သိသိသာသာ အသက်ဝင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြင်သစ်ဟာ အကောင်းဆုံး ကြိုးစားပြီး ပွဲချိန် မိနစ် ၁၂၀ ပြည့်တဲ့ထိ ၃ ဂိုးစီ သရေကျခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး သူတို့ရဲ့ လက်ရှိ ချန်ပီယံ ဂုဏ်ပုဒ်ကို လွှဲပြောင်းပေးလိုက်ရပါတယ်။

 

ပွဲမတိုင်ခင်တုန်းက ဗိုင်းရပ်စ်တစ်မျိုး ကူးစက်မှုကြောင့် ပြင်သစ် ကစားသမားတချို့ ဖျားနာပြီး လေ့ကျင့်ခန်း အစီအစဉ်တွေ ပျက်ကွက်ခဲ့ကြောင်း၊ ဒီကိစ္စဟာ ပွဲကစားတဲ့အချိန် စွမ်းဆောင်ရည် အပေါ်ကိုပါ သက်ရောက်မှု ရှိခဲ့ဟန်တူကြောင်း ဒက်စ်ချမ့်က မှတ်ချက် ပေးပါတယ်။

 

တစ်သင်းလုံးက မှန်းဆရခက်တဲ့ ပြဿနာမျိုးကို ရင်ဆိုင်ခဲ့ရကြောင်း၊ ဖျားနာခဲ့ကြတဲ့ ကိစ္စက ကစားသမားတွေအပေါ် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ သက်ရောက်မှုတွေ ရှိစေခဲ့ဟန်တူကြောင်း၊ သူဟာ ပွဲထွက် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို စိတ်မပူမိခဲ့ဘူး ဆိုပေမယ့် အသင်းက နောက်ဆုံးပွဲ ကစားပြီး ၄ ရက်သာ အနားရထားတာကြောင့် နွမ်းနယ်နေတာတွေလည်း ရှိကြောင်း ဒက်စ်ချမ့်က ဆိုပါတယ်။

 

ဒါပေမဲ့ ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်လို့ ဒီကိစ္စတွေကို ဆင်ခြေပေးလို့ မရသလို ပြင်သစ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေကလို စွမ်းအင်မျိုးနဲ့ မကစားနိုင်ခဲ့တာကို ဝန်ခံရမှာဖြစ်ကြောင်း၊ အထူးသဖြင့် ပထမဆုံး တစ်နာရီလောက် ပွဲချိန်တွေမှာ ပြင်သစ်ဟာ လုံးဝ ထက်ထက်မြက်မြက် မရှိခဲ့ကြောင်း ဒက်စ်ချမ့်က ဖွင့်ဟသွားခဲ့ပါတယ်။

 

သူက ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး ပြင်သစ် အသင်းမှာ ဆက်ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့ အတိအကျ မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ ဒက်စ်ချမ့်နဲ့ ပြင်သစ် ဘောလုံး အဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခု ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ သက်တမ်း ကုန်ဆုံးတော့မှာပါ။

 

တကယ်လို့ ပြင်သစ်က ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တယ် ဆိုရင်တောင်မှ အဲဒီမေးခွန်းကို ချက်ချင်း ဖြေနိုင်ဦးမှာ မဟုတ်ကြောင်း၊ သူ့အနေနဲ့ အကောင်းဆုံး ကြိုးစားပေးခဲ့တဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေအတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ အနာဂတ်နဲ့ ပတ်သက်လို့ကတော့ ပြင်သစ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အရင်ဆုံး တွေ့ဆုံဖို့ လိုအပ်နေသေးကြောင်း ဒက်စ်ချမ့်က ပြောသွားပါတယ်။ သူဟာ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူထားတာ ၁၀ နှစ် ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။