ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်ဆေးရေးအကြောင်းပြ ငွေတောင်းမှုတွေလုပ်နေ

ကချင်ပြည်နယ်အတွင်း ဒေသတချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေက လမ်းသွားလမ်းလာ ပြည်သူတွေ၊ ကားတွေကို စစ်ဆေးရေးအကြောင်းပြပြီး မတရားငွေတောင်းခံမှုနဲ့ သိမ်းဆည်းမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေရှိနေပေမယ့် စစ်သားတွေနဲ့ ပြည်သူ့စစ်တွေက အဲ့ဒီလို ငွေတောင်းယူတာ၊ သိမ်းဆည်းတာတွေ လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းမှာ ကျောက်ပြပြီး ပြန်လာတဲ့ ကားတွေကို စစ်သားတွေနဲ့ ရဲတွေက တားဆီးစစ်ဆေးတာတွေလုပ်ပြီး တန်ဖိုးကြီး လိုင်စင်မဲ့ကားတွေ အသိမ်းမခံရဖို့ ငွေကျပ်သိန်းရာချီတောင်းတာ၊ အပြီးသိမ်းဆည်းသွားတာတွေ လုပ်နေတယ်လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

“(Landcruiser) ကားတွေကို သိန်း ၁၀၀ နဲ့ရွေးခိုင်းတယ်၊ အဲ့တာမပေးနိုင်းရင် သိမ်းပေးလိုက်တယ်လို့ ကြားတယ် နေ့တိုင်းတော့မဟုတ်ဘူး သုံးလေးရက်လောက်ရှိပြီ” လို့ ဖားကန့်ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် အခုလဆန်းပိုင်း က ဖားကန့်မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုင်စင်မဲ့ကားဖမ်းဆီးမှုတွေ လုပ်ရာမှာ တန်ဖိုးကြီးကားတွေကိုသာ ရွေးချယ်ဖမ်းဆီးခဲ့ပြီး ငွေနဲ့ပြန်ရွေးပေမယ့် ပြန်မပေးတော့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ တနိုင်းမြို့နဲ့ ကာမိုင်းမြို့တွေမှာလည်း စစ်သားတွေနဲ့ ပြည်သူ့စစ်တွေက တရားဝင်စစ်ဆေးရေးဂိတ် မဟုတ်တဲ့နေရာတွေမှာ လမ်းသွားလမ်းလာ ပြည်သူတွေကိုပါမချန် စစ်ဆေးရေးအကြောင်းပြ ငွေတောင်းတာတွေ လုပ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

“လမ်းတွေမှာ ထိုင်ခုံတွေချပြီး လမ်းသွားလမ်းလာတွေကိုစစ်တယ် စစ်ဖို့မလိုတဲ့ဟာတွေလည်း စစ်တယ်၊ ကချင်ဆိုရင် ပိုစစ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ တနိုင်းမြို့နဲ့ ရှင်ဗွေယန်ကြား၊ ကာမိုင်းမြို့နဲ့ လဝါးကြား လမ်းမတွေပေါ်မှာ အဲ့ဒီလိုလုပ်နေတာလို့ သူကဆိုပါတယ်။

ဒါ့အပြင် အခုလ (၁၂) ရက်ကလည်း ကာမိုင်းမြို့နဲ့ လဝါးကျေးရွာကြား လမ်းတနေရာမှာ အမျိုးသားသုံးဦးက ဖြတ်သွားဖြတ်လာ ကားတွေဆီက PDF အယောင်ဆောင် ငွေတောင်းခံမှုလုပ်လို့ ကားသမားတွေ အခက်တွေ့ခဲ့ကြရသေးတယ်လို့ သိရပါတယ်။

ကိုယ့်ကိုယ်ကိုယ် PDF တပ်ဖွဲ့ဝင်တွေလို့ဆိုပြီး ဓားကိုယ်စီကိုင်ထားတဲ့ အမျိုးသားသုံးဦးက အဲ့ဒီနေရာကို ဖြတ်သန်းလာတဲ့ ကားတစီး ကျပ်နှစ်သောင်းစီ တောင်းခံတာ ဖြစ်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ယာဉ်မောင်းတဦးက DNA ကို ပြောပါတယ်။

“PDF လို့ ပြောပေမဲ့ စာရေးတာက မမှန်ဘူး PTF လိုရေးတယ်၊ ကားသမားတွေ (ဆီ) မှာ ကောက်နေကြတယ်၊ သူတို့က ရွာသားတွေထင်တယ်၊ အသောက်အစားရှိကြတယ်နဲ့တူတယ်၊ သေနတ်တော့ မကိုင်ဘူး၊ ဓားကိုင်တွေ ထားကြတယ်” လို့ ကိုယ်တွေ့ကြုံသူတဦးက ပြောပါတယ်။