မြဝတီမြို့ကို ဓာတ်အားပေးနေတဲ့ ပင်မထရန်စဖော်မာ ပျက်စီးလို့ ကာလရှည်မီးပြတ်မယ့် အလားအလာရှိနေပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကို ဓာတ်အားပေးနေတဲ့ သင်္ဃန်းညီနောင် ဓာတ်အားခွဲရုံက ပင်မထရန်စဖော်မာအကြီး သုံးလုံး ဒီနေ့ မနက်မှာ ပေါက်ကွဲပျက်စီးခဲ့လို့ မြဝတီတမြို့လုံး မီးပျက်နေတယ်လို့ မြဝတီဒေသခံ တဦး ဆီကသိရပါတယ်။

အဲ့ဒီဓာတ်အားခွဲရုံကို ဒီဇင်ဘာ(၁၅)ရက် ညသန်းခေါင်ကျော် ဒီကနေ့ မနက်အစောပိုင်းမှာ ဒရုန်းနဲ့ ဗုံးချ တိုက် ခိုက်ခံရလို့ ထရန်စဖော်မာတွေ ပေါက်ကွဲပျက်စီးသွားတာဖြစ်ပြီး မီးပြန်ရဖို့ ကာလရှည်ကြာဦးမယ်လို့ မြဝတီမြို့ လျှပ်စစ်ဖြန့်ဝေရေးဌာနနဲ့ နီးစပ်တဲ့ မြို့ခံတဦးကပြောပါတယ်။

“တဖက်က ဒရုန်းနဲ့ဗုံးလာချလို့ ပင်မထရန်စဖော်မာကြီးသုံးလုံး ပျက်စီးသွားတယ်၊ သင်္ဃန်းညီနောင်ကော မြဝတီ မီးသတ်စခန်းကော ကားတွေထွက်တယ်၊ အနည်းဆုံးခြောက်စီးအထက်ပေါ့၊ အရေအတွက်ကတော့ မီးသတ် ဌာနမေးမှသိရပါမယ်၊ မနက်ထိတော့ မီးခိုဝေတုန်းပါ” လို့ သူကပြောပါတယ်။

ထရန်စဖော်မာတွေရှိတဲ့နေရာဟာ မြဝတီ-ကော့ကရိတ်လမ်းဟောင်းမှာရှိနေတာကြောင့် တခြားအဆောက်အအုံတွေ မီးကူးလောင်တာမရှိခဲ့ဘဲ လူထိခိုက်တာလည်း မရှိခဲ့ဘူးလို့ သိရပြီး ဒီနေ့မနက်ဖြစ်ပွားခဲ့တဲ့ သင်္ဃန်းညီနောင် ဓာတ်အားခွဲရုံကပင်မထရန်စဖော်မာအကြီးသုံးလုံး ပေါက်ကွဲပျက်စီးမှုဖြစ်ရတဲ့အကြောင်းရင်းကို DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့သေးပါဘူး။

“မီးက လာလာချင်းတုန်းကမှန်တယ်လေ၊ တလလောက်ကြာတော့ အရင်အချိုးနဲ့ လာချင်လာမယ် မလာချင် မလာဘူး၊ အခုတော့ အကန့်အသတ်မရှိပြန်ပျက်တော့လည်း အရင်လို အရပ်တကာပတ်ပြီးအားသွင်းရဦးမယ်၊ ကျွန်းတော သုံးလမ်းတော့လာတယ်၊ ထိုင်းမီး၊ သန်းခေါင်ထက်ညဉ့်မနက်တာမို့ မှောင်လည်းနေတတ်တယ်” လို့ မြို့ခံတဦးက ပြောပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်တဝိုက် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့နောက် စစ်တပ်ပိုင် တာဝါတိုင်တွေ၊ ထရန်စဖော်မာတွေပစ်မှတ်ထား တိုက်ခိုက်ခံရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့အပါအဝင် ကရင်ပြည်နယ်အတွင်း မြို့နယ်သုံးခုမှာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း တာဝါတိုင်တွေ ထိခိုက်ပျက်စီးသွားလို့ ဆိုကာ လျှပ်စစ်မီး စတင်ပြတ်တောက်ခဲ့ပြီး လအနည်းငယ်ကြာမှ မီးပြန်လည်သုံး စွဲခွင့် ရခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း ကော့ကရိတ်အခြေစိုက် စစ်ကောင်စီစခန်းတခုကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့တာကြောင့် ကော့ကရိတ်-မြဝတီမြို့ အာရှလမ်းပိုင်းမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား စစ်ရေးတင်းမာနေပြီး အာရှလမ်းကိုသွားလာအသုံးပြုခွင့် ပိတ်ထားရတယ်လို့ သိရပါတယ်။