ကန်ကြီးထောင့်မြို့စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်ကွဲပြီးနောက် ​ဒေသခံဆယ်ဦးကျော် အဖမ်းခံရ

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့ အဝင် ပုသိမ် ရန်ကုန် ကားလမ်းဘေးက မာလာကုန်း လမ်းဆုံစစ် ဆေးရေး ဂိတ်အနီး ဗုံးပေါက်ကွဲပြီး နောက်နှစ်ရက် အတွင်း ဒေသခံ ၁၀ ဦးကျော် ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ထားတယ် လို့သိရပါတယ်။

အဲ့ဒီစစ်ဆေးရေး ဂိတ်အနီးမှာ  ဒီဇင်ဘာ (၁၄) ရက် မနက် ၆ နာရီ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ အဲ့ဒီနောက် ကန်ကြီးထောင့် မြို့မရပ်ကွက် ၊ ဘဲဂရက် ၊ မာလာကုန်း လမ်းဆုံက  ဒေသခံတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၄ ရက် နဲ့ ၁၅ ရက်မှာ ဆက်တိုက် ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေကပြောပါတယ်။

“ဒလန်လက်ညှိုးထိုးတာကို သိမ်းကျုံးဖမ်းတာ၊ နောက်ထပ် ဘယ်လောက်ထပ်ဖမ်းဦးမလဲ မသိဘူး၊ ပေါက်ကွဲမှုတို့ပစ်ခတ်မှု၊မီးလောင်မှုတို့ ဖြစ်တိုင်း PDF တွေလုပ်တယ် ဆိုပြီး အစုလိုက် အပြုံလိုက်ဖ မ်းတာပဲ၊ ဒီကောင် တွေ (စစ်ကောင်စီ) အတွက် ငွေ ရှာဖို့ အကွက်တွေ့သွားတာပေါ့” လို့ မြို့ခံ တဦးက  DNA ကိုပြော ပါတယ်။ 

ကန်ကြီထောင့် မြို့အဝင် စစ်ဆေးရေးဂိတ် အနီးက မလေးရှား ပိတောက်ပင်အောက် မှာ လက်လုပ်ဗုံး တစ်လုံးပေါက်ကွဲတာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘူးလို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကသိရပါတယ်။

အဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး လက်ရှိဖမ်းထားတဲ့သူတွေကို ကန်ကြီးထောင့်ရဲစခန်းမှာ ချုပ်ထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတွေကဆိုပါတယ်။

ထိခိုက်သူမရှိခဲ့တဲ့ အဲ့ဒီပေါက်ကွဲမှုဟာ PDF ကလုပ်တာဖြစ်တယ်လို့ စစ်တပ်ကစွပ်စွဲပြီး ဒေသခံတွေကိုဖမ်းဆီးနေပေမယ့်ကန်ကြီးထောင့်မြို့နယ်အတွင်းလှုပ်ရှားတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ သူတို့ဖောက်ခွဲမှုလုပ်ခဲ့တာမရှိဘူးလို့ ထုတ်ပြန် ထားပါတယ်။

လွန်ခဲ့တဲ့ တနှစ်ဝန်းကျင်ကလည်း ကန်ကြီးထောင့် မြို့နယ်အတွင်းက ရွေးကျေးရွာ အထက်တန်း ကျောင်းဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး စစ်တပ်က အခုလိုပဲ ဒေသခံ (၇၀) ကျော်ကို စွပ်စွဲဖမ်းဆီးကာရိုက်နှက်နှိပ်စက်တာ၊အမှုဆင်ထောင်ချတာတွေလုပ်ခဲ့ဖူးတယ်လို့ ကန်ကြီးထောင့်မြို့ ခံတွေ ကပြောပါတယ်။

“PDF ရှို့တယ် ဆိုပြီး ရွာခံ လူတွေအများကြီး အ ဖမ်းခံရတယ်၊ တကယ်တော့သူတို့ဘက်ကတပ် ထောက် ခံသူတွေ လုပ် တာ” လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတဦး ကဆိုပါတယ်။

ကန်ကြီးထောင့်မြို့နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု ပစ်ခတ်မှု တွေနဲ့ ပါတ်သက်ပြီး သက်သေ အထောက်အထား မခိုင်အမာ မရှိ ဘဲ စွပ်စွဲဖမ်းဆီး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား (၁၀၀) ဦး ထက် မနည်း ပုသိမ်ထောင်ထဲ မှာ ရှိနေတယ် လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ ကလွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ် လာသူတချို့ကပြောပါတယ်။