လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲဆန္ဒပြ

လုံခြုံရေးတင်းကျပ်ပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ရန်ကုန်မြို့တနေရာမှာ ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်တွန်းလှုံ့ဆော်တဲ့ လှုပ်ရှားမှုတခုအနေနဲ့ “အာရုံမလွဲစေနဲ့ စိတ်ဝမ်းမကွဲစေနဲ့ အချိန်မဆွဲနဲ့” ဆိုတဲ့ စာတန်းကို ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။

“လုံခြုံရေးတင်းကျပ်မှုနဲ့ အဖမ်းအဆီးတွေကတော့ ရန်ကုန်မြေပြင်မှာ အားလုံးသိကြတဲ့ အတိုင်းပါပဲ၊ ဘယ်လိုပဲ တင်းကျပ်တင်းကျပ် အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမျိုးစုံကို အွန်လိုင်းကရော မြေပြင်မှာပါ အရင်ကရော အခုရော နောင်ရော ပြည်သူလူထုနဲ့အတူ ဆက်လက်လုပ်ဆောင်သွားမယ်လို့” ရေဘဝဲအဖွဲ့ဥက္ကဌက DNA ကိုပြောပါတယ်။

ဒီကနေ့ စာတန်းချိတ်ဆွဲ ဆန္ဒပြရာမှာ အသုံးပြုတဲ့ စာသားဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ရဲ့ ဆောင်းပါးတပုဒ်ထဲက ကောက်နုတ်ထားတဲ့ စာသားဖြစ်တယ်လို့ သူကဆိုပါတယ်။ လတ်တလော ရန်ကုန်မြို့မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေလည်း ရှိနေပေမယ့် စစ်ကောင်စီကလည်း ရန်ကုန်မြို့ပြ တော်လှန်ရေး အင်အားစုတွေကို ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်နေတာပါ။

သီတင်းပတ်တခုအတွင်း မြို့ပြတော်လှန်ရေး အင်အားစုဝင် လူငယ်သုံးဆယ်ကျော် ဖမ်းဆီးခံထားရတယ်လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ပြောဆိုထားပါတယ်။ အဲ့ဒီလို ဆက်တိုက်ဖမ်းဆီးခံရတာတွေ ရှိနေတာဟာ တော်လှန်ရေး အင်အားစုတွေဘက်က လိုအပ်ချက်တချို့ ရှိခဲ့လို့ဖြစ်တယ်လို့ ရေဘဝဲ ဥက္ကဌက ဆိုပါတယ်။

“ခဏခဏ ဖမ်းဆီးခံနေရတာကတော့ ဖက်ဆစ်သူပုန်တပ်ဘက်က တော်လို့တတ်လို့ မဟုတ်ပဲ ကျွန်တော်တို့ဘက်က လိုအပ်ချက်အနည်းငယ် ရှိသွားခဲ့လို့ ယူဆမိပါတယ်” လို့ သူကပြောပါတယ်။