ကလေးမြို့မှာ လက်နက်ကြီးကျည်ထိလို့ ဒေသခံ ငါးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီဇင်ဘာ (၁၃) ရက် မနေ့က ညနေငါးနာရီခွဲဝန်းကျင်မှာ လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျ ပေါက်ကွဲလို့ မြို့အနောက်ပိုင်း တောင်ဇလပ်ရပ်ကွက်က ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျွန်တော်တို့က လက်နက်ကြီးသံတွေက နားယဥ်နေပြီ၊ ဒါပေမယ့် မနေ့ကကျတဲ့ လက်နက်ကြီးသံလိုမျိုးတော့ တခါမှမကြုံဖူးဘူး၊ အသံလည်း ပိုကျယ်တယ်၊ ပေါက်ကွဲပြီး ငါးစက္ကန့်လောက် လှိုဏ်သံထွက်နေသေးတာ၊ အဝေးကြီးက အိမ်ခေါင်မိုးပေါ်ထိကို အစတာတွေကျတာ၊ တည့်တည့်မကျလို့ တည့်တည့်ကျရင် အကုန်သေမှာ” လို့ ကလေးမြို့ အနောက်ပိုင်း ဒေသခံတဦးက ပြောပါတယ်။

ကလေးမြို့မှာ ဒီဇင်ဘာ (၁၃) ရက်ညနေပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးပစ်တာအပြင် ဒေသခံကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာလည်း ရှိခဲ့ပေမယ့် ရပ် ကွက်ထဲက ပြည်သူတွေ ဒဏ်ရာရတာကတော့ စစ်ကောင်စီဘက်က ပစ်ခတ်တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒဏ်ရာရတဲ့ ပြည်သူ (၅) ဦးဟာ အမျိုးသားတွေဖြစ်ပြီး အဲ့ဒီညနေမှာပဲ ကလေးမြို့တပ်ဆေးရုံ ကုတင်တရာကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ ထိခိုက်မှုနည်းသူနှစ်ဦးက ချက်ချင်းဆေးရုံက ဆင်းခွင့်ရပြီး ဒဏ်ရာပြင်းထန်သူ သုံးဦးကတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း ကလေးမြို့ဝန်းကျင်မှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေပြီး ကလေး – ရာဇဂြိုလ်လမ်းကို ပိတ်ထားသလို ပြည်သူတွေအနေနဲ့ မြို့အနီးဝန်း ကျင် အသွားအလာ ဆင်ခြင်ကြဖို့ ဒေသခံကာကွယ်ရေး အင်အားစုတွေက အသိပေးထားပါတယ်။