အမေရိကန်ရဲ့ အစွမ်းထက် Patriot လေကြောင်း ကာကွယ်ရေးစနစ် ယူကရိန်းကို ပို့ဆောင်ဖွယ်ရှိနေ

အမေရိကန်ရဲ့ အစွမ်းအထက်ဆုံး လေကြောင်းကာကွယ်ရေး စနစ်တစ်ခုဖြစ်တဲ့ Patriot ဒုံးခွင်းဒုံးတွေကို ယူကရိန်းဆီ ပို့ဆောင်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။

 

အမေရိကန် အစိုးရရဲ့ ထိပ်ပိုင်း အရာရှိ ၃ ဦးက သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ Patriot လေကြောင်း ကာကွယ်ရေး စနစ်ကို ယူကရိန်းဆီ ပို့ဆောင်မယ့် ဆုံးဖြတ်ချက်ကို အစောဆုံးအဖြစ် အခုသီတင်းပတ်မှာတင် ထုတ်ပြန်ဖွယ် ရှိနေတယ်လို့ Reuters သတင်းဌာနဆီ မှတ်ချက် ပေးခဲ့ပါတယ်။

 

စစ်ပွဲမှာ ရုရှားဖက်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်တင်လာတဲ့နောက် ယူကရိန်း အစိုးရက ဒုံးခွင်းဒုံး စနစ်တွေ ပိုမိုပေးပို့ပြီး ကူညီကြဖို့ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီ တောင်းဆိုထားပါတယ်။ ရုရှားဟာ လတ်တလောမှာ ဒုံးကျည်တွေကို အလုံးအရင်း အသုံးပြုပြီး ယူကရိန်းရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးနေပါတယ်။

 

Raytheon နည်းပညာ ကော်ပိုရေးရှင်းက ထုတ်လုပ်တဲ့ Patriotလို မြေပြင် အခြေစိုက် ဒုံးခွင်းဒုံး စနစ်တွေဟာ ပျံသန်းဝင်ရောက်လာတဲ့ ရန်သူ့ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လေယာဉ်ပျံတွေကို ကြားဖြတ် ပစ်ချနိုင်စွမ်း ရှိပါတယ်။ Patriotဟာ အမေရိကန်ရဲ့ နည်းပညာ အမြင့်တကာ့ အမြင့်ဆုံး ကာကွယ်ရေး စနစ်တွေထဲက တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူ ခံထားရပါတယ်။

 

ကမ္ဘာအနှံ့က အမေရိကန်ရဲ့ မဟာမိတ်တွေက အသည်းအသန် မှာယူချင်ကြတာကြောင့် Patriot စနစ်တွေကို အလျဉ်မီအောင် တပ်ဆင် ထုတ်လုပ်ဖို့တောင် မလွယ်ဘဲ ဖြစ်နေပါတယ်။ ယူကရိန်းဆီကို အမေရိကန်က Patriot ဒုံးခွင်းဒုံးစနစ် ပေးပို့မယ် ဆိုတာဟာ သိပ်ကို ထူးခြားထင်ရှားတဲ့ အလှည့်အပြောင်း တစ်ခုလို့ ယူဆနိုင်ကြောင်း သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့် လက်ထက်က အိမ်ဖြူတော်မှာ ယူကရိန်းရေးရာ မူဝါဒ ချမှတ်ရေး အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးသူ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အလက်ဇန္ဒား ဗင်မန်းက မှတ်ချက် ပေးခဲ့ပါတယ်။

 

Patriotသာ ရသွားရင် ယူကရိန်း အနေနဲ့ ခက်ခဲတဲ့ စိန်ခေါ်မှု အတော်များများကို ကိုင်တွယ်နိုင်စွမ်း ရှိလာမှာဖြစ်ကြောင်း၊ အထူးသဖြင့် အီရန်ကနေ မှာယူပြီး ရုရှားက ဖောဖောသီသီ အသုံးပြုနေတဲ့ တာတိုပစ် ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုကို လက်ရှိထက် အများကြီး ထိထိရောက်ရောက် တွန်းလှန်လာနိုင်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။

 

အမေရိကန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ လောလောဆယ်မှာ အဲဒီသတင်းနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ တကယ်လို့ အမေရိကန်က Patriotကို ယူကရိန်းမှာ ဖြန့်ကျက်ပေးလိုက်ရင်တောင် လက်နက်စနစ်နဲ့ ပတ်သက်လို့ အကန့်အသတ်တွေ ထားရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ အမေရိကန်ဟာ IMARS အတွဲလိုက်ပစ် ဒုံးကျည်စနစ်ကို ယူကရိန်းအတွက် ထောက်ပံ့ပေးထားပေမယ့် နိုင်ငံ ပိုင်နက်ထဲက ပစ်မှတ်တွေကိုသာ တိုက်ခိုက်ခွင့် ရှိမယ်လို့ ကန့်သတ်ထားပါတယ်။

 

လက်ရှိမှာ ရုရှားက ယူကရိန်းကို ဒုံးကျည်တွေ အလုံးအရင်းနဲ့ ပစ်ခတ်နေတာဟာ လေကြောင်း ကာကွယ်ရေး စနစ်တွေကို ဦးချိုးဖို့ ဖြစ်နိုင်ပြီး အဲဒီနောက်ပိုင်းကျရင် ရုရှားက လေကြောင်း စိုးမိုးမှု အသာစီး ရသွားမှာ ဖြစ်တာကြောင့် အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းဆီ လေကြောင်းကာကွယ်ရေး စနစ်တွေ ပို့ဆောင်ဖို့ အရေးတကြီး လိုအပ်နေကြောင်း ပင်တဂွန်က မှတ်ချက် ပေးထားပါတယ်။