အာဂျင်တီးနားနဲ့ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီအပေါ် ခရိုအေးရှား နည်းပြချုပ် မေးခွန်းထုတ်

အာဂျင်တီးနားကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လု ပွဲစဉ်မှာ အဖွင့်ဂိုး ပေးခဲ့ရတဲ့ ပင်နယ်တီကို လုံးဝ ဘဝင်မကျဘူးလို့ ခရိုအေးရှား နည်းပြချုပ် ဇလာကို ဒါလစ်က ပြောကြားသွားပါတယ်။

 

ခရိုအေးရှားဟာ နာမည်ကြီး အာဂျင်တီးနားကို အကောင်းဆုံး ခုခံ တုံ့ပြန်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့် ပထမပိုင်းမှာတင် ပင်နယ်တီ ခွင့်ပြုလိုက်ရပြီး လီယွန်နယ် မက်ဆီက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။ အဲဒီသွင်းဂိုးကြောင့် ခရိုအေးရှားကို အကြီးအကျယ် ရုန်းကန်စေခဲ့ရသလို ဂျူလီယန် အယ်လ်ဗာရက်ဇ်က နောက်ထပ် နှစ်ဂိုး ထပ်သွင်းတာကြောင့် အာဂျင်တီးနားတို့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။

 

ခရိုအေးရှားက ခွင့်ပြုလိုက်ရတဲ့ ပင်နယ်တီမှာ အာဂျင်တီးနား တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က ဘောလုံးကို ကျော်ယူဖို့ ကြိုးစားရင်း ပင်နယ်တီ ဧရိယာထဲမှာ ခရိုအေးရှား ဂိုးသမား ဒေါမနစ်ခ် လီဗာကိုဗစ်ကို အရှိန်နဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အငြင်းပွားစရာတွေ ရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင် ဒန်နီလီ အော့ဆာတိုကတော့ အာဂျင်တီးနားကို ပင်နယ်တီ ကန်ခွင့်ပြုပြီး ဂိုးသမားကို အဝါကတ်ပြား ပြသခဲ့ပါတယ်။ ဒါ့အပြင် စောဒကတက်တဲ့ ခရိုအေးရှား ကွင်းလယ်လူ မက်တီယို ကိုဗစ်ဆစ်လည်း အီတလီဒိုင်ရဲ့ အဝါကတ် ထပ်ပြတာ ခံခဲ့ရပြန်ပါတယ်။

 

အဲဒီ ပင်နယ်တီနဲ့ ပတ်သက်လို့ ခရိုအေးရှား နည်းပြချုပ် ဒါလစ်က ရိုးရိုးသားသား ပြောရရင် အာဂျင်တီးနား သွင်းခဲ့တဲ့ ပထမဂိုးနဲ့ ပတ်သက်လို့ သံသယတွေ အများကြီး ရှိနေမိကြောင်း၊ ကစားသမားတွေရဲ့ ကိုယ်အမူအယာကို ကြည့်ရင် ဒါဟာ ထောင့်ကန်ဘောလောက်ပဲလို့ အကုန်လုံး လက်ခံထားပုံပေါ်ကြောင်း၊ အဲဒီနောက် အခြေအနေတွေက ရုတ်တရက် ပြောင်းသွားပြီး ဒိုင်က ပင်နယ်တီ ပေးလိုက်တာဖြစ်ကြောင်း၊ ဒီဆုံးဖြတ်ချက်ဟာ ပေါ့ဆပြီး ခပ်လွယ်လွယ် လုပ်လိုက်သလိုမျိုး ခံစားမိကြောင်း ဒါလစ်က ပြောသွားပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားကို ရှုံးခဲ့တဲ့ ရလဒ်နဲ့ ပတ်သက်လို့တော့ ဆင်ခြေ ပေးစရာ ဘာမှ မရှိကြောင်း သူက ဝန်ခံသွားပါတယ်။

 

ဒါလစ်က ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့တဲ့ ခရိုအေးရှားရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်ကြောင်းနဲ့ လက်ရှိ ကစားသမား အများစုဟာ ၂၀၂၄ ခုနှစ်၊ ဥရောပဖလား ပြိုင်ပွဲဝင်ဖို့ အခြေခံ အစုအဖွဲ့ ဖြစ်လာလိမ့်မယ်လို့လည်း ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

 

အာဂျင်တီးနား အသင်းဟာ ကာတာမှာ ကျင်းပနေတဲ့ အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပင်နယ်တီ ကန်သွင်းခွင့် အများဆုံး ရထားတဲ့ အသင်းဖြစ်ပြီး ၆ ပွဲမှာ ပင်နယ်တီ ၄ ကြိမ် ရရှိခဲ့ပါတယ်။ လက်ရှိ ကမ္ဘာ့ဖလားမှာ ၅ ဂိုးသွင်းထားတဲ့ မက်ဆီဟာ ၄ ဂိုးကို အဲဒီ ပင်နယ်တီတွေကနေတဆင့် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။