လောင်းရှည်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ငါးဦးထက်မနည်းသေ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသမှာ ဒီဇင်ဘာ (၁၀) ရက်မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သေသလို ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်း ကျဆုံးတယ်လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

လောင်းရှည်ဒေသ ညောင်ပင်ကျေးရွာနဲ့ ကံလယ်ကျေးရွာတွေဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်တာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ငါးဦးသေဆုံးကာ (၁၃) ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ဒဏ်ရာရသူတွေထဲ ဒဏ်ရာပြင်းထန်သူတွေလည်းပါလို့ သေဆုံးမှုထပ်ရှိနိုင်တယ်လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒေသတွင်း ဆက်သွယ်ရေး အခက်အခဲနဲ့ ကျဆုံးရဲဘော်နှစ်ဦးရဲ့ ဈာပနတွေကြောင့် သတင်းထုတ်ပြန်မှု နောက်ကျသွားရတယ်လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လောင်းရှည်ဒေသဟာ ဆက်သွယ်ရေးနဲ့ လမ်းပန်ဆက်သွယ်ရေး ခက်ခဲတာကြောင့် ဒေသခံတွေဟာ နိုင်ငံရေး အခြေအနေတွေကို မသိကြလို့ ရှင်းပြတာ၊ ဒေသဖွံဖြိုးရေးတွေ ကူညီဆောင်ရွက်နေတာ စတဲ့အခြေအနေတွေကို ဒေသအခြေစိုက် စစ်ကောင်စီ ကပစ (၂၁) က သတင်းရသွားတာကြောင့် စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သူကပြောပါတယ်။

“လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာရောဆိုတော့ ဒီဒေသရွာကလေးတွေက တကယ်ကို ဘာမှမသိကြဘူး၊ ကျွန်တော်တို့က NUG ရဲ့လမ်းစဉ်တွေကို ရှင်းပြတယ်၊ ပညာရေး၊ အုပ်ချုပ်ရေးလည်ပတ်အောင်လုပ်ပြီး ကျန်းမာရေးလည်း စောင့်ရှောက်မူပေးတယ်၊ ကိုးရွာဝန်းကျင်လောက်ရှိပြီ ကျွန်တော်တို့လုပ်ပေးနေတာ၊ အဲ့ဒါကို သတင်းရတော့ ကပစ (၂၁) က ထိုးစစ်လာဆင်တာမှာ တိုက်ပွဲဖြစ်ပွားတာပါ” လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးလာတာကို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ရှေ့ပြေးကင်းတွေက သတင်းရတာကြောင့် မိုင်းဆွဲတိုက်ခိုက်တာအပြင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း RPG 7၊ စိန်ပြောင်း၊ ၆၀ မမ စတဲ့အဝေးပြေးလက်နက်တွေ၊ စက်လတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှုများပြီး အထိနာခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာ ကံလယ်ရွာက နေအိမ်နှစ်လုံးကိုမီးရှို့ဖျက်ဆီးပြီး သူတို့တပ်ပြန်အဆုတ်မှာ ပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

လောင်းရှည်ဒေသဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် တရွာနဲ့တရွာ ပွင့်လင်းရာသီကာလမှာသာ ဆိုင်ကယ်နဲ့သွားလာနိုင်ပြီး မိုးရာသီမှာတော့ ခြေလျင်သာသွားလာကြရတဲ့ အစအစအရာရာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဒေသဖြစ်တယ်လို့ လောင်းရှည်နယ်နဲ့နီးတဲ့ ဆောနယ်ခံတဦးက ပြောပါတယ်။

“သူတို့ကို ဘယ်သူက အုပ်ချုပ်နေမှန်းတောင် တချို့ကသိတာမဟုတ်ဘူး၊ ဖုန်းလိုင်းတွေလည်း မကောင်းဘူး၊ စစ်တပ်ကလည်း မလာဘူး အမှန်က အရင်ကဆိုရင်၊ အဲ့ဒါဒေသခံ ကာကွယ်ရေးတပ် တွေက ကျန်းမာရေး၊ ပညာရေးလေး‌တွေကူညီပြီး အသိအမြင်ဖွင့်ပေးတာပေါ့၊ အဲဒါကို စစ်ကောင်စီက လာတိုက်တာမှာ တိုက်ပွဲဖြစ်တာ၊ ရဲဘော်နှစ်ယောက်အတွက် စိတ်မကောင်းပေမယ် သူတို့သေတာများတာတော့ ဝမ်းသာတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ လောင်းရှည်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းတွေနဲ့ စလေးအဖွဲ့၊ စေရာအဖွဲ့၊ မိုးကြိုး အဖွဲ့တို့ပါ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။