ရေစကြိုမှာ စစ်ကောင်စီနဲ့ PDF ပူးပေါင်းအဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်၊ ဖမ်းဆီးခံထားရသူတဦးကို ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ရာက စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပြည်သူတဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

“သူတို့ဖမ်းထားတဲ့ ပြည်သူတစ်ယောက်က မျက်နှာကို သဘက်တွေနဲ့ စည်းထားတာ၊ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ အဲ့ပြည်သူက မျက်နှာစည်းထားတဲ့ဟာကိုဖွင့်ပြီး ကျွန်တော်တို့ဘက်ကိုပြေးလာတာနဲ့ ကယ်ထုတ်နိုင်ခဲ့တာပါ” လို့ Urban Undergground Force တပ်ဖွဲ့ဝင် တိုက်ခိုက်ရေးရဲဘော်တဦးက ပြောပါတယ်။

ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာ အနောက်ဘက်ကို ဒီဇင်ဘာ (၁၁) ရက်မနက်ပိုင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာတာကြောင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ဖို့သွားရာက စစ်ကောင်စီဘက်က အရင်တွေ့သွားပြီး စတင်ပစ်ခတ်လို့ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ သာလွန်အင်အားနဲ့ တိုက်ခိုက်နေတာဖြစ်လို့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခံပြည်သူကို ကယ်တင်နိုင်ခဲ့ပြီးနောက် မိနစ်ပိုင်းသာ ခုခံပစ်ခတ်ကာ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့-တပ်ခွဲ ၁၊ Urban Undergground Force နဲ့ 27 Revolution Force ပူးပေါင်းအဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“သူတို့ဘက်က ထိခိုက်မှုသတင်းကတော့ ကျွန်တော်တို့လည်း မရဘူး၊ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက် မရှိ၊ ကျည်လည်းနဲနေလို့ ပြန်လှည့်ခဲ့တာပေါ့” လို့ Urban Undergground Force တပ်ဖွဲ့ဝင်က ပြောပါတယ်။

အဲ့ဒီနောက် ပူးပေါင်းအဖွဲ့က အင်အားထပ်ဖြည့်ပြီး စစ်ကောင်စီစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ဖို့ ထွက်ခွာခဲ့ပေမယ့် စစ်ကောင်စီစစ်ကြောင်းက ဆက်ထွက်ခွာသွားပြီဖြစ်လို့ တိုက်ပွဲထပ်မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

နှစ်ဘက်ထိတွေ့တိုက်ပွဲအတွင်း ပြန်လည်လွတ်မြောက်လာတဲ့ ဖမ်းဆီးခံရသူနဲ့ ပတ်သက်လို့ အသေးစိတ်အခြေအနေကိုတော့ ဖြေကြားခြင်းမရှိတာကြောင့် မသိရပါဘူး။