စစ်ရေးတင်းမာနေလို့ ကလေး – လက်ပန်ချောင်း – ရာဇဂြိုလ်လမ်း အသုံးပြုခွင့်ပိတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်ရေး တင်းမာနေတာကြောင့် ကလေးမြို့နယ်မြောက်ပိုင်းက ကလေး- ရာဇဂြိုလ်လမ်းမကြီးကို လတ်တလော အသုံးမပြုကြဖို့   PDF Kalay ကဒီဇင်ဘာ(၁၃) ရက် ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။

 “မြို့ပတ်ဝန်းကျင်အကုန်လုံးနီးပါး အခြေအနေ ဆိုးနေတယ်၊လက်ပန်ချောင်းလမ်းဘက်မှာလည်း သူတို့ (စကစ)တွေရှိနေတယ်၊ မနက်ကလည်း မြို့လှ ဝင်လာလို့ပြေးကြပြီ၊ဆည်တော်ဦးကျောင်းတိုက်ဘက်ကလည်း သွားလို့မရဘူး၊ ပိတ်ထားတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းက နန်းချောင်းရွာကို ဒီဇင်ဘာ (၁၂) ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒေသခံ PDF က အခုလိုလမ်းအသုံးပြုခွင့်ပိတ်ပင်ခဲ့ တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နန်းချောင်း ကျေးရွာက ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ် (၁၉) လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

နန်းချောင်းကျေးရွာဟာ အိမ်ခြေနှစ်ရာနီးပါးရှိပြီး ချင်းတိုင်းရင်းသား အများစုနေထိုင်တဲ့ရွာတရွာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအနောက်ပိုင်းက ကလေးမြို့ဟာ စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်တဲ့ ဒေသကာကွယ်ရေးတပ်တွေ လှုပ်ရှားမှုအားကောင်းတဲ့မြို့ဖြစ်ပါတယ်။ 

အခုလဆန်းပိုင်းကတည်းက  ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ် စစ်ရေးတင်းမာမှုတွေရှိနေကာ ကလေးမြို့ ပေါ်နဲ့ မြို့အနီးလူနေရပ်ကွက်တွေမှာလည်း တိုက်ခိုက် မှုတွေရှိခဲ့ပါတယိ။

ကလေးမြို့တွင်းလူနေရပ်ကွက်တွေထဲမှာပဲ စစ် ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှုတွေဆက်တိုက်ရှိခဲ့တဲ့နောက် မြို့မြောက်ပိုင်းကို စစ်တပ်က မနေ့ကစပြီးစစ်ကြောင်းထိုးနေပါတယ်။

အဲ့ဒီလိုစစ်ကြောင်းထိုးလာတာကြောင့် အပြန်အလှန် ပစ်ခတ်မှုတွေရှိနေသလိုစစ်ရေးတင်းမာနေတာကြောင့် ကလေး – ရာဇဂြိုလ်မမ်းကို သွားလာခွင့်ပိတ်ပင်တာ ဖြစ်ပြီးမလိုက်နာဘဲ ဖြတ်သန်းသွားလာလို့ ဖြစ်ပေါ်လာတဲ့လုံခြုံရေးအန္တရာယ်တွေကို  တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်ပေးမှာမဟုတ်ဘူးလို့ PDF (Kalay)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။