ရုရှားမှာ ခေတ်အမီဆုံး စစ်လက်နက်တွေ အလုံးအရင်း ထုတ်လုပ်နေတယ်လို့ ပူတင်ရဲ့ လက်ရုံးပြော

ရုရှားဟာ ခေတ်အမီဆုံး မျိုးဆက်သစ် စစ်လက်နက်တွေ ပမာဏ အမြောက်အမြား ထုတ်လုပ်ဖို့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ လက်ရုံး တစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ရုရှား သမ္မတနဲ့ ဝန်ကြီးချုပ် တာဝန်တွေကို ရယူခဲ့ဖူးသူ ဒီမီထရီ မက်ဗီဒက်က ဥရောပ၊ အမေရိကန်နဲ့ ဩစတြေးလျတို့လို ရန်သူတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့အတွက် နည်းပညာမြင့် စစ်လက်နက်တွေ ပိုင်ဆိုင်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ သူက ရုရှားရဲ့ လက်နက်တိုက်ထဲမှာ ဘယ်လို အမျိုးအစား လက်နက် အသစ်အဆန်းတွေ ဖြည့်ဖို့ ကြိုးစားနေသလဲ ဆိုတာကိုတော့ အတိကအကျ မှတ်ချက် မပေးခဲ့ပါဘူး။

 

ထိခိုက်ဖျက်ဆီးနို်စွမ်း အမြင့်ဆုံး စစ်လက်နက် အသစ်တွေကို အရေအတွက် တိုးမြှင့် ထုတ်လုပ်နေကြောင်း မက်ဗီဒက်က ဆိုပါတယ်။ သူက ရုရှားရဲ့ ရန်သူတွေဟာ အခုဆိုရင် မာလိုရော့ဆီယာ ဒေသထဲထိ စိမ့်ဝင်နေပြီ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ မာလိုရော့ဆီယာ ဆိုတာက ဇာဘုရင်တွေခေတ်မှာ ရုရှားပိုင်နက် ဖြစ်ခဲ့တဲ့ ယူကရိန်းရဲ့ နာမည်ဟောင်းပါ။

 

သူက ရုရှားရဲ့ ရန်သူတွေကို နာဇီ ဝါဒ ဆက်ခံသူတွေလို့လည်း စွပ်စွဲခဲ့ပြီး ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်နဲ့ တခြား နေရာ အတော်များများမှာ ဖြန့်ကျက် တည်ရှိနေတယ်လို့လည်း ပြောသွားပါတယ်။

 

မက်ဗီဒက်ဟာ လောလောဆယ်မှာ ရုရှား လုံခြုံရေးကောင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူပါ။ သူဟာ ယူကရိန်း ကျူးကျော်စစ်ပွဲ စတင်ခဲ့ချိန် နောက်ပိုင်း ရုရှား အစိုးရအတွက် ဝါဒဖြန့်တဲ့ ပို့စ်တွေကို လူမှုကွန်ရက်ပေါ်မှာ အစဉ်တစိုက် ရေးသားနေခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှားသမ္မတ ပူတင်က စစ်တပ် အနေနဲ့ ရန်သူရဲ့ လက်နက်အင်အားကို ဖြိုချဖို့ အပြင်းထန်ဆုံး လက်ဦးမှုယူ တိုက်ခိုက်တဲ့ နည်းစနစ်မျိုးကို လက်ခံ အသုံးပြုလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ရုရှားက ယူကရိန်း စစ်မြေပြင်မှာ နျူကလီးယား လက်နက်တွေ ထုတ်သုံးမယ်လို့ ခြိမ်းခြောက်လိုက်တာ ဖြစ်နိုင်ကြောင်း စွပ်စွဲမှုတွေလည်း ထွက်ပေါ်နေပါတယ်။