ဘရာဇီးအတွက် နောက်ထပ် ကိုယ်စားပြုဖို့ မသေချာတော့တဲ့ နေမာ 

ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့နောက် သူ့အနေနဲ့ ဘရာဇီး လက်ရွေးစင် အသင်းကို နောက်ထပ်တစ်ကြိမ် ကိုယ်စားပြုဖြစ်၊ မပြုဖြစ် မသေချာကြောင်း နေမာက ပြောကြားခဲ့ပါတယ်။ 

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ နာမည်ကြီး ဘရာဇီးဟာ ခရိုအေးရှားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး အိမ်အပြန် စောခဲ့ပါတယ်။ ခရိုအေးရှားကတော့ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဘရာဇီးကို ကျော်လွှားပြီး အကြိုဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ 

ဒီပွဲမှာ မိနစ် ၉၀ လုံးလုံး ဂိုးမရှိ သရေကျခဲ့တဲ့နောက် အချိန်ပို ယှဉ်ပြိုင်ရာမှာ နေမာက ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ဒီဂိုးကြောင့် နေမာဟာ ဘရာဇီး အသင်းမှာ ဂန္ထဝင် ကြယ်ပွင့်ဟောင်းကြီး ပီလီနဲ့အတူ သွင်းဂိုးအများဆုံး စံချိန်ရှင်အဖြစ် ပူးတွဲ ရပ်တည်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ခရိုအေးရှားက အချိန်ပို နောက်ဆုံးမိနစ်မှာ ချေပဂိုး ပြန်သွင်းပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရသွားခဲ့တာပါ။ 

ဘရာဇီးရဲ့ အရှုံးရလဒ်ကြောင့် မျက်ရည်လည်ရွဲနဲ့ စိတ်ထိခိုက်နေခဲ့တဲ့ နေမာက သူ့ရဲ့ လက်ရွေးစင် အနာဂတ်နဲ့ ပတ်သက်လို့ ရိုးရိုးသားသား ပြောရရင် ဘာဖြစ်မယ် ဆိုတာကို မသိတော့ကြောင်း၊ အရမ်း စိတ်ထိခိုက်နေတဲ့ အချိန်မျိုးမှာ စကားတွေ များများ ပြောနေဖို့လည်း မကောင်းကြောင်း၊ သူ့အနေနဲ့ မှန်မှန်ကန်ကန် မတွေးခေါ်နိုင်တာမျိုးလည်း ဖြစ်နေနိုင်ကြောင်း ကာတာနိုင်ငံ၊ အယ်လ်ရေယန်မြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

အသက် ၃၀ အရွယ် နေမာက သူ့အနေနဲ့ အခုအချိန်မှာ အရာရာကို အချိန်ယူ စဉ်းစားချင်သေးကြောင်း၊ ဘာတွေ ဖြစ်သင့်သလဲ၊ သူကရော ဘာတွေလိုချင်သလဲ ဆိုတာကို ပြန်သုံးသပ်ဖို့ လိုကြောင်း၊ ဘရာဇီးအတွက် မကစားတော့ဘူးလို့ ၁၀၀ ရာခိုင်နှုန်း မဆုံးဖြတ်ထားသလို အသင်းအတွက် ကျွန်တော် သေချာပေါက် ပြန်လာပါ့မယ်လို့လည်း အပြတ် မပြောနိုင်ကြောင်း မှတ်ချက် ပေးသွားပါတယ်။ 

နေမာဟာ အခုပွဲစဉ်မှာ သူ့ရဲ့ ၇၇ လုံးမြောက် လက်ရွေးစင် သွင်းဂိုးကို ရရှိခဲ့ပြီး ပီလီရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။