ဧရာဝတီတိုင်းထဲမှာ စစ်တပ်ကနှစ်ရှည်ထောင်ချထားတဲ့နိုင်ကျဉ်းတွေကို ထောင်ပြောင်းနေ

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်ကနေ စစ်တပ်က နှစ်ရှည်ထောင်ချတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီးတဦးအပါအဝင် လေးဦးကို ပြီးခဲ့တဲ့ မနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ပုသိမ်ထောင်ကိုပြောင်းရွေ့လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။

 

 “၄ယောက်လုံးက လူငယ်တွေချည်းပါပဲ။ အကြမ်းဖက် ပုဒ်မတွေ နဲ့ထောင်ကျလာတာ နှစ်ကြီးသမားတွေ ဆိုတော့ ပုသိမ်ထောင်ကိုပို့ လိုက်တာ မိန်းခလေး တစ်ယောက်လည်း ပါတယ်” လို့ အကျဉ်းဦးစီးဌာန နဲ့ နီးစပ်သူ တစ်ဦး က DNA ကိုပြောပါတယ်။

 

စစ်ကောင်စီလက်အောက်ခံတရားရုံးက ဒေးဒရဲမြို့နယ်ထဲက ဦးပီတာနဲ့ သူ့အိမ်မှာ ကွန်ပျူတာသင်ကြားနေတဲ့ လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသား ၂ဦးကို  ၂၀၂၁ အောက်တိုဘာလက ဒေးဒရဲ မြို့အဝင် ဆိုင်းဘုတ်အနီး နဲ့ သမဝါယမရုံးရှေ့တို့ မှာ ဗုံး ၂လုံး ဆင့်ပေါက်ကွဲ မှု ဖြစ်ပွားနောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

 

ဖမ်းဆီးပြီးတဲ့နောက်မှာ ဦးပီတာကိုထောင် အနှစ် ၂၀နဲ့လူငယ် ၃ဦးကို ထောင် ၁၅ နှစ်စီချမှတ်လိုက်ပြီး အခုလိုထောင်ပြောင်းရွေ့မှုတွေထပ်လုပ်လာတာဖြစ်တယ်လို့ဆိုပါတယ်။

 

“ဖမ်းတော့ပေါက်ကွဲမှု နဲ့ ပတ်သက်လို့ မသင်္ကာလို့ ဆိုပြီးဖမ်းတာ စွဲချက်တင်တော့ CDM ထောက်ပံ့တယ်၊ PDF တွေနဲ့ အဆက်အသွယ် လုပ်တယ်ဆိုပြီး ထောင်နှစ်ရှည်ချလိုက်တာ”လို့ တရားလွှတ်တော် ရှေ့နေတစ်ဦး ကပြောပါတယ်။

 

ဒါ့အပြင် သူတို့ကိုရုံးတင်စစ်ဆေးရာမှာလည်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သက်သေပြနိုင်တာမရှိသလို တရားရုံးမှာ ခိုင်မာတဲ့ စွဲချက်တွေမတင်ပြနိုင်ခဲ့ဘူးလို့လည်း ဆက်သိရပါတယ်။

 

‌ဒေးဒရဲမြို့မှာတော့ အဲဒီပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သက်သေအထောက်အထားမရှိဘဲ လူပေါင်း ၃၀ ကျော်ကို စစ်တပ်ကဖမ်းဆီးပြီး တချို့ကိုငွေကြေးတောင်းခံပြီးပြန်လွှတ်ပေးလိုက်သလို ဦးပီတာအပါအဝင် ၄ဦးကိုတော့ အခုလိုထောင်ချလိုက်တာဖြစ်တယ်လို့ မြို့ခံတွေကပြောပြကြပါတယ်။

 

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေးဒရဲမြို့နယ်မှာ စစ်ကောင်စီကိုဆန့်ကျင်တယ်ဆိုပြီးပုဒ်မအမျိုးမျိုးတပ်ပြီးဖမ်းဆီးခံထားရတဲ့ နိုင်ံရေးအကျဉ်းသား ၂၀၀နီးပါးရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလက စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာတော့ ၃ဦးသာပြန်လွတ်လာတယ်လို့နိုင်ကျဉ်းအင်အားစုတွေဆီကသိရပါတယ်။