မြန်မာနိုင်ငံမှာ သံအမတ်ဆက်ပြီး မခန့်ထားတော့ဖို့ အမေရိကန် ဆုံးဖြတ်

 

လက်ရှိ သံအမတ်ကြီးကို ပြန်လည် ခေါ်ယူပြီးရင် အမေရိကန်ဟာ မြန်မာနိုင်ငံမှာ သံအမတ် မထားရှိတော့ဘဲ သံတမန် ဆက်ဆံရေးကို အဆင့် လျှော့ချသွားတော့မယ်လို့ သိရပါတယ်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကို ဂျပန် အခြေစိုက် Nikkei Asia သတင်းဌာနက ဆက်သွယ် မေးမြန်းရာမှာ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး သောမတ်စ် ဗာဂျ်ဒါ နေရာမှာ ဆက်ခံသူတစ်ဦး စေလွှတ်တော့မှာ မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

 

အရင်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တွေဟာ ၄ နှစ်လောက် ရာထူးသက်တမ်း တာဝန်ထမ်းဆောင်လေ့ ရှိပေမယ့်လည်း ဗာဂျ်ဒါကတော့ ၂ နှစ်မပြည့်ခင် အခုလကုန်ပိုင်းမှာ အမေရိကန် ပြန်သွားတော့မယ်လို့ သိရပါတယ်။ သူဟာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု မဖြစ်ခင် တစ်လလောက်အလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကမှ လက်ရှိ ရာထူးကို ရယူခဲ့သူပါ။

 

အမေရိကန် အစိုးရဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အုပ်ချုပ်မှု အဖွဲ့အစည်းကို လက်မခံကြောင်း ပြသတဲ့ အနေနဲ့ ဥရောပ မဟာမိတ်တွေနည်းတူ သံတမန် ဆက်ဆံရေး လျှော့ချလိုက်တာလည်း ဖြစ်ပါတယ်။ အရင်ကလည်း ဥရောပ နိုင်ငံတွေ စုပေါင်းညှိနှိုင်းပြီး မြန်မာနိုင်ငံက သံရုံးတွေမှာ သံအမတ်တွေ မထားရှိဘဲ သံရုံး တာဝန်ခံ အဆင့်သာ ကြီးမှူးစေဖို့ သဘောတူခဲ့ကြပါတယ်။

 

ရန်ကုန်က အမေရိကန် သံရုံးမှာလည်း ဗာဂျ်ဒါ မရှိတော့တဲ့ အချိန်ကျရင် သံရုံးရဲ့ ဒုတိယ အကြီးအကဲဖြစ်သူ ဒါဘော်ရာလင်းက သံရုံး အုပ်ချုပ်ရေး တာဝန်ခံ အနေနဲ့ ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။

 

မြန်မာစစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲတစ်ခု ကျင်းပပြီး သူတို့ရဲ့ ရပ်တည်မှုကို တရားဝင်နိုင်အောင် ကြိုးစားနေပေမယ့် အခုအခြေအနေအရ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရကတော့ မင်းအောင်လှိုင်ကို လုံးဝ အသိအမှတ် မပြုတော့တဲ့ သဘောပါပဲ။ အမေရိကန် အစိုးရဟာ အဲဒီ ရွေးကောက်ပွဲကိုလည်း အတုအယောင် လုပ်ဇာတ် တစ်ခုအဖြစ် ဝေဖန်ထားပါတယ်။

 

အမေရိကန်နဲ့ မြန်မာတို့ဟာ သမ္မတ ဘာရတ် အိုဘားမား လက်ထက်မှာ အကောင်အထည် ဖော်ခဲ့တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေအပြီး ၂၀၁၂ ခုနှစ်မှာ သံတမန် ဆက်ဆံရေး စတင်နိုင်ခဲ့ပေမယ့် အခုတော့ အရာရာ ခေတ်နောက်ပြန် ဆွဲသလို ဖြစ်သွားပါပြီ။ အမေရိကန်ဟာ အရင် မြန်မာစစ်အစိုးရတွေ လက်ထက်ကလည်း မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားပေမယ့် သံအမတ် မစေလွှတ်ဘဲ သံတမန် ဆက်ဆံရေးကို လျှော့ချထားခဲ့ဖူးပါတယ်။

 

လက်ရှိ အခြေအနေအရ အီတလီ၊ ဂျာမနီ၊ ဩစတြေးလျ၊ ကနေဒါ၊ တောင်ကိုရီးယားတို့အပြင် အာဆီယံ အသိုက်အဝန်းထဲက မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းတို့ဟာ မြန်မာကို သံအမတ် မစေလွှတ်ဘဲ စစ်ကောင်စီရဲ့ ရပ်တည်မှုကို အသိအမှတ် မပြုကြောင်း ပြသထားကြပါတယ်။

 

တစ်ဖက်မှာလည်း ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေးဘီးယား၊ ဘေလားရုစ်စတဲ့ ကမ္ဘာ့နိုင်ငံ တချို့ကတော့ သံတမန်ရေးရာအရ မင်းအောင်လှိုင်ကို အသိအမှတ်ပြု ဆက်ဆံနေကြပါတယ်။