ကန့်ဘလူမှာ တလအတွင်း ပြည်သူပိုင် နေ အိမ်နဲ့အဆောက်အအုံ ကိုးရာနီးပါး မီးရှို့ ဖျက် ဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာလအတွင်း ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေအပါအဝင် ပြည်သူပိုင်နေအိမ် ကိုးရာနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ကန့်ဘလူမြို့နယ်မှာရှိတဲ့ ကျေးရွာ (၁၃) ရွာက ပြည်သူ့နေအိမ်ပေါင်း (၈၉၅) လုံးအပြင် ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်း (၂) ကျောင်းဆွမ်းစားကျောင်း (၁) ကျောင်း၊ ဗလီ (၂) လုံး နဲ့ ဘူတာရုံ တို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

“ဒေသခံပြည်သူတွေအနေနဲ့ ခက်ခဲသထက်ခက်ခဲလာပါတယ်၊ ရွှေ၊ငွေလည်းမနေရ၊ ဆန်ဆီကအစ အဝတ်အထည်အဆုံး သူတို့မယူလည်း အကုန်မီးပုံရှို့ခဲ့ကြတာပါ၊ ပြည်သူတွေက ကိုယ်လွတ်ရုန်းပြေးကြရတာများပါတယ်၊ နေ့ချင်းညချင်းလမ်းဘေးရောက်ရတဲ့ဘဝတွေပါဗျ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တောင်ယာအလုပ်လုပ်ကိုင်စားသောက်ကြသူတွေအဓိကနေထိုင်တဲ့ ကန့်ဘလူမြို့နယ်ထဲမှာ အခုလို စစ်ကြောင်းထိုးတာတွေမပြတ်လုပ်နေလို့ ဒေသခံတွေအနေနဲ့ အလုပ်လုပ်ကိုင်စားသောက်ဖို့ ပိုမိုခက်ခဲလာကြပြီး ရွာထဲပြန်ဝင်သူတချို့ရှိပေမယ့် အများစုကတော့ နေစရာမရှိတော့လို့ တောထဲမှာပဲ တဲထိုးနေထိုင်ကြရတယ်လို့ သိရပါတယ်။

“တောင်သူတွေများတာပါ၊ ပြေးရလွှားရတာနဲ့ မလုပ်ရတာများပါတယ်၊ စစ်ကြောင်းကမပြတ်ထိုးနေတာ၊ ခြောက်လကျော်မှာ အိမ်နေရလည်း နှစ်ရက်အများဆုံးပါပဲ၊ ကိုးတောင်ဘို့ စစ်ကြောင်းရွှေ့တယ်ကြားတာနဲ့ ပတ်ပတ်လည်ရွာတွေအကုန် တောထဲပြေး မိုးကာတဲထိုးနေရတာပါပဲ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကန့်ဘလူမြို့အတွင်းက ကိုးတောင်ဘို့ကျေးရွာဟာ ပျူစောထီးအရွာအဖြစ်လူသိများပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တပ်စွဲနေထိုင်နေတာပါ။အဲ့ဒီမှာတပ်စွဲထားတဲ့စစ်တပ်နဲ့လက်နက်ကိုင်ပျူစောထီးတွေက ဒေသတွင်းကျေးရွာတွေဆီမကြာမကြာစစ်ကြောင်းထိုးတိုက်ခိုက်လေ့ရှိသလို ဒေသကာကွယ်ရေးတပ်တွေကလည်း အဲ့ဒီရွာကိုပစ်ခတ်တိုက်ခိုက်တာတွေလုပ်လေ့ရှိပါတယ်။

ရွာတွေကိုမီးရှို့မွှေနှောက်ပြီးပြန်ထွက်သွားကြတဲ့ စစ်ကောင်စီတပ်တွေဟာ လူနေအိမ်ခြံဝန်းတွေထဲမှာ မိုင်းထောင်ထားခဲ့တာကြောင့် စစ်ကြောင်းထွက်သွားလို့ ရွာထဲပြန်ဝင်လာတဲ့ ပင့်သာရွာထဲက အသက် ၅၁ နှစ်အရွယ်အမျိုးသားတဦး မိုင်းနင်းမိပြီး ခြေထောက်တဖက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာတွေကို ဝင်တဲ့အခါ လက် နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာ၊ ရွာ သားတွေကို ဖမ်းဆီးတာနဲ့ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာတွေလည်းရှိခဲ့ပြီး သတ်ဖြတ်ခံရသူတွေထဲမှာ ဇီးကနားရွာက (၁၃) နှစ်အရွယ် ယောကျ်ားလေး တဦးနဲ့ လျော်ဖြူကုန်းရွာက ရှစ်တန်းအရွယ် ကျောင်းသားတဦးတို့ပါဝင်ခဲ့တယ်လို့သိရပါတယ်။

ကန့်ဘလူမြို့နယ်ထဲက ဒေသခံ တသောင်းကျော်လောက်ဟာ အောက်တိုဘာလကတည်းက စစ်ရှောင်နေရတယ်လို့ ISP Myanmar က စာရင်းထုတ်ပြန်ထားပြီး အဲ့ဒီဒေသက စစ်ရှောင်တွေဟာ အခုအချိန်ထိလည်း အိမ်မပြန်နိုင်သေးဘဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့မတွေ့အောင် ကွေ့ပတ်ပုန်းရှောင်ရင်း တောထဲမှာ စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ နေရာထိုင်ခင်းအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။