ပေါက်မြို့တောင်ပိုင်း ရွာတွေကိုစစ်တပ် ကမီး ရှို့နေလို့ ဒေသခံထောင်ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ပေါက်မြို့ တောင်ပိုင်းနယ်တွေကိုစစ် ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ဒေသကာကွယ် ရေး တပ်တွေ ဒီဇင်ဘာ(၇)ရက်က ထိတွေ့တိုက်ပွဲ ဖြစ် ခဲ့ပြီး တိုက်ပွဲပြီးတဲ့နောက်စစ်တပ်က ကျေးရွာ တွေ ကိုဆက်တိုက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပေါက်မြို့တွင်းနေ တောင်ပိုင်းနယ်တွေဆီ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မနေ့ကနေ့လယ်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်လို့ နာရီဝက်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ Southern Pauk Guerrilla Force (SPGF) တပ်ခွဲ-၁ ကထုတ်ပြန်ပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပေမယ့်အင်အားမမျှတာကြောင့် တပ်ဆုတ်ပေးခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုမသိရဘူးလို့အဲ့ဒီအဖွဲ့ကဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က မနေ့က နေ့လယ်ပိုင်းကစတင်ကာ ဒီကနေ့မနက်ပိုင်းအထိအနီးဝန်းကျင်ကျေးရွာတွေကို ဆက်တိုက်မီးရှို့လို့ ပေါက်မြို့တောင်ပိုင်းက ကျတိုက်၊လယ်လန်း၊သရဖီစတဲ့ရွာတွေက နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပေါက်မြို့ဒေသတွင်း တော်လှန်ရေးသတင်းတွေထုတ်ပြန်ပေးနေတဲ့ Pauk Newsletterက ဆိုပါတယ်။

အဲ့ဒီလို တိုက်ပွဲဖြစ်တာနဲ့ စစ်ကြောင်းထိုးမီးရှို့ခံနေရတာကြောင့် ဒေသခံလူဦးရေ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

မီးရှို့ဖျက်ဆီးခံရမှူကြောင့် အိမ်ခြေ လေးရာကျော်ဝန်းကျင်ဆုံးရှုံးမှူရှိနိုင်ပြီး လတ်တလောမှာမြေပြင်အခြေအနေအတိအကျမသိနိုင်သေးတဲ့အတွက် နယ်မြေတည်ငြိမ်သွားချိန်မှ သိနိုင်မယ်လို့ Pauk Newsletterက သတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

လက်ရှိမှာ ပေါက်မြို့တောင်ပိုင်း ကျေးရွာ(၁၅)ရွာလောက်က ဒေသခံ ငါးထောင်ဝန်းကျင် နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပေါက်မြို့နယ် ပေါက်ချောင်းအလယ်စုကျေးရွာမှာ လက်နက်ကိုင်တစုက ကျောင်းအုပ်ဆရာနဲ့ ကျောင်းထိုင်ဆရာတော်တို့ကိုသတ်ဖြတ်ခဲ့ပြီး ဆရာမလေးဦးကို ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီလိုသတင်းထုတ်ပြန်ပြီးနောက်တရက်မှာ စစ် တပ်က ပေါက်မြို့တောင်ပိုင်းကိုစစ်ကြောင်းထိုးလာပြီး ရွာမီးရှို့တာတွေဆက်တိုက်လုပ်နေတာပါ။