ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကို ပြီးခဲ့တဲ့အောက်တိုဘာလ (၁၀) ရက်နေ့ က စတင် တည် ထောင်နိုင်ပြီဖြစ်လို့ Chain of Command (အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှု)ပိုမိုစနစ်တကျ ရှိလာပြီဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။
NUG ရေဒီယိုက ပုံမှန်ထုတ်လွှင့်ပေးနေတဲ့ PDFတပ်ဖွဲ့ဝင်တွေကို ဦးတည်တဲ့ မိန့်ခွန်းကို ဒီဇင်ဘာ (၈) ရက် မနေ့က ထုတ်လွှင့်ရာမှာ ကာကွယ်ရေးဝန်ကြီးက အဲ့ဒီလို ပြောဆိုတာပါ။
“အကြမ်းဖက်စစ်တပ်ဟာ Chain Of Command အသားသေပြီးသား စစ်တပ်တခုဖြစ်တယ်ဆိုတာ သတိမမေ့ဖို့ လိုတယ်၊ပြည်သူ့တော်လှန်ရေး အောင်မြင်ဖို့ဆိုရင် Chain of Command ကောင်းတဲ့ ပြည်သူ့စစ်တပ်ကို တည်ဆောက်ရမှာဖြစ်တယ်”လို့ ဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်းရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာနနဲ့ ပြည်သူ့လုံခြုံရေးဌာနတွေပါဝင်ပြီး CDM တပ်မတော်သား အရာရှိ၊ရဲဘော်တွေလည်း ကျွမ်းကျင်မှုနဲ့ အတွေ့အ ကြုံအလိုက် သက်ဆိုင်တဲ့ ဌာန၊ဌာနခွဲတွေမှာ ပါဝင်တာဝန်ထမ်းဆောင်နေကြတယ်လို့ သိရပါတယ်။
“ရုံးချုပ်နဲ့ စည်းနဲ့ဘောင်နဲ့ဖြစ်လာပြီဆိုရင်ကောင်းတာပေါ့ဗျာ”PDF စစ်ရုံးချုပ်ထူထောင်နိုင်ပြီဆိုတာနဲ့ ပတ် သက်လို့ ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တွေပူးပေါင်းဖွဲ့စည်း ထားတဲ့ စစ်ဒေသသုံးခုရှိပြီး မဟာမိတ်တိုင်းရင်းသားတပ်တွေက စစ်ဖက်ထိပ်တန်းခေါင်းဆောင်တွေက စစ်ဒေသ မှူးတွေအဖြစ် တာဝန်ယူထားတဲ့အကြောင်းကိုလည်း အခုမိန့်ခွန်းမှာ ဝန်ကြီး ဦးရည်မွန်ကထည့်ပြောပါတယ်။
စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ဆင်ဣွှဲတဲ့ စစ်ဆင်ရေး အစီအစဉ်တွေ လာ မယ့်ကာလတွေမှာ ပိုပြီး ဗျူဟာမြောက် ပိုပြီးထိရောက်အောင်မြင်မှုရှိလိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း သူကဆိုပါတယ်။
ယောကာကွယ်ရေးးတပ် YDF ကနေ ခွဲထွက်လာပြီး တပ်ဖွဲ့အသစ်တည်ထောင်ကာ NUG လက်အောက်ခံ တပ်ဖွဲ့ အဖြစ် ရပ်တည်ဖို့လုပ်ဆောင်နေတဲ့ ယောဒေသကာကွယ်ရေးတပ်မတော်(ထီးလင်း)YRA စစ်ဦးစီးသခင်ဇော်က တော့ NUG ရဲ့စစ်ဒေသမှူးတွေအနေနဲ့ သက်ဆိုင်ရာဒေသအခြေအနေကို သေချာသိထားဖို့လိုသလို ဒေသတွင်း ခေါင်းဆောင်တွေကလည်း အမိန့်ပေးကွပ်ကဲမှုတွေကို လိုက်နာဖို့လိုတယ်လို့ ထောက်ပြပါတယ်။
“စစ်ဒေသမှူးတွေအနေနဲ့ တိုက်ရည်ခိုက်ရည်စွမ်းရည်အပေါ် မှာ ကျွန်တော်တို့ယုံကြည်ပြီးဖြစ်တယ်၊သူတို့အနေနဲ့ ဒေသခံတော်လှန်ရေးခေါင်းဆောင်တွေကို စည်းရုံးနိုင်ဖို့ အရေးကြီးတယ်၊ တော်လှန်ရေးခေါင်းဆောင်တွေ က လည်းအများကြီးဖြစ်နေတာဆိုတော့ စည်းရုံးမှုစွမ်းရည် ဟာပိုအရေးကြီးတယ်လို့တောင်ထင်တယ်”လို့ သူက ပြောပါတယ်။
ဒီလိုအခြေအနေတွေဖော်ဆောင်နိုင်ဖို့အတွက် စစ်ဦးစီးချုပ်ရုံးရှိဖို့လိုအပ်ပြီး လက်ရှိမှာ စစ်ဦးစီးချုပ်ရုံးတည် ထောင် နိုင်တာကြောင့် ပိုကောင်းလာတဲ့သဘောြဖစ်တယ်လို့လည်းသခင်ဇော်ကပြောပါတယ်။
စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတာဟာ PDFတပ်မတော်ရဲ့ ဂုဏ်ဖြစ်ပြီး၊ PDF တပ်မတော်ဟာ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တယ်ဆိုတာ သတိထားကြဖို့ ကာကွယ်ရေးဝန်ကြီးက သူ့ရဲ့မိန့်ခွန်း ထည့်ပြောပါတယ်။