ကင်မရာချောင်းကြည့်ပေါက်လေးနောက်က သူမ

“ ကင်မရာ ကိုင်ထားရရင် Stress တွေ ပင်ပန်းတာတွေ အကုန်မေ့သွားတာ။ ဘယ်လောက် Stress ပိပိ အဲ့ဒီဒဏ်တွေကို ခံနိုင်တယ် ” လူရုပ်ပုံတွေကို ကင်မရာကနေတဆင့် ရိုက်ကူးနေရရင် ကျေနပ်နေတဲ့ အမျိုးသမီးတဉီး၊ သတင်းဓာတ်ပုံတွေနဲ့ လူတွေရဲ့ လှပတဲ့ပုံရိပ်တွေကို နှစ်သက်မြတ်နိုးတဲ့ အမျိုးသမီးတဦး… ။
 
မျက်နှာချိုချို၊ အသံချိုချိုလေးကို ပိုင်ဆိုင်ထားပေမယ့် ဝါသနာဆီကို သွားတဲ့လမ်းက မချိုပါဘူး။
ငယ်စဉ်ကတည်းက မဂ္ဂဇင်းကာဗာက ဓာတ်ပုံတွေကို သဘောကျခဲ့ရတဲ့ သူမအတွက် ဓာတ်ပုံရိုက်ကူးသူ တစ်ယောက်ဖြစ်လာဖို့ နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့ပါတယ်။
 
ကင်မရာဆိုတာက သူနဲ့အလှမ်းဝေးကွားလွန်းတဲ့ အိပ်မက်တစ်ခုအဖြစ် နှစ်ပေါင်း ၃၀ ကျော် ရှိနေခဲ့ရင်းဝါသနာနဲ့ အလုပ်ထပ်တူကျနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
“ အလုပ်တွေ တစ်ခုပြီးတစ်ခုလုပ်တယ်။ ပိုက်ဆံစုတယ်။ ကင်မရာကိုင်ရတဲ့ အလုပ်တွေကို လိုက်ရှာရင်း ဓာတ်ပုံသတင်းထောက်ဖြစ်လာခဲ့တာ ” ဝါသနာနဲ့ အလုပ် ထပ်တူကျတဲ့ ကမ္ဘာကြီးဟာ သူမအတွက် အရမ်းကို လှပနေခဲ့ဖူးပါတယ်။ကိုဗစ်ကာလကြီးထဲမှာတောင် ပျော်ရွှင်စွာနဲ့ ဓာတ်ပုံတွေရိုက်ပြီး ဖြတ်ကျော်နေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။
 
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ဟာတော့ အားလုံးသိကြတဲ့အတိုင်းစစ်အာဏာသိမ်းလိုက်လို့ မြန်မာပြည်အမှောင်ကျသွားတဲ့ နေ့တနေ့ပါပဲ။
 
အနာဂတ်တွေကို လက်လွှတ်လိုက်ရပေမယ့် ကင်မရာကိုတော့ လက်မလွှတ်ခဲ့တဲ့ သူမမှာ စစ်အာဏာသိမ်းမှုအတွင်းက သမိုင်းမှတ်တမ်းဝင် ဓာတ်ပုံတွေ အများကြီးရှိနေပါတယ်။
ဒါပေမယ့် သူမ မထုတ်ဖော်ခဲ့နိုင်ခဲ့ပါဘူး။
အကြောင်းရင်းက သူ့ရဲ့ အလုပ်ဌာနလုံခြုံရေးနဲ့ ပြည်တွင်းမှာပဲ ဓာတ်ပုံတွေ ဆက်ရိုက်နေချင်သေးတဲ့ စိတ်ကြောင့်လို့ဆိုပါတယ်။
“ အခုချိန်မှာ စိတ်ပူနေရတာက လုံခြုံရေးပဲ။ သတင်းထောက်ဖြစ်နေခြင်းကိုက အပြစ်ဖြစ်နေတဲ့ အချိန်၊ ကင်မရာကို သေလောက်အောင်ကြောက်ကြသူတွေ အုပ်ချုပ်နေတဲ့ခေတ်ဆိုတော့ အစစ အရာရာ လုံခြုံအောင်နေရတယ် ”
စစ်ကောင်စီတပ်တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြန်မာတနိုင်ငံလုံးက လူထုကို အကြမ်းဖက်ဖြိုခွဲနည်းတွေ သုံးစွဲခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကို မှတ်တမ်းတင်ထားနိုင်တဲ့ ဓာတ်ပုံပညာရှင်တွေ၊ သတင်းထောက်တွေနဲ့ ဓာတ်ပုံသတင်းသမားတွေကို ရန်သူလို ဆက်ဆံခဲ့ကြပါတယ်။
သတင်းသမား၊ အမျိုးသား၊ အမျိုးသမီးမခွဲခြား ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံဖမ်းဆီးတာတွေဟာ ငြင်းချက်ထုတ်လို့မရအောင် အာဏာသိမ်းကာလတလျောက် သက်သေတွေ ရှိနေခဲ့ပါတယ်။
စစ်ကောင်စီဟာ လူထုသပိတ်တွေကို သတင်းယူတဲ့သူတွေတင်မကပါဘူး အသံတိတ်သပိတ်ကို သတင်းဓာတ်ပုံရိုက်တဲ့သူကိုပါ ရိုက်နှက်ဖမ်းဆီးမှုပြုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က ပြုလုပ်တဲ့ အသံတိတ်သပိတ်ကို ဓာတ်ပုံထွက်ရိုက်တဲ့ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ဟာ အဲ့ဒီနေ့မှာ ဖမ်းဆီးခံခဲ့ရပြီး လေးရက်အကြာ စစ်ကြောရေးမှာ သေဆုံးသွားခဲ့ရပါတယ်။
 
စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးအကျဉ်းချခံရတဲ့သတင်းမီဒီယာသမား ၁၄၃ ဦးရှိခဲ့ပြီး အမျိုးသမီးသတင်းသမား ၂၆ ဦးပါဝင်ခဲ့ပါတယ်။
 
စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းမှုအတွင်း အမျိုးသားသတင်းသမား ၃ ဦးသေဆုံးခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ ၉၄ ဦးအနက် အမျိုးသမီး ၁၆ ဦးပါဝင်ခဲ့တယ်လို့ နိုင်ငံတကာက သတင်းမီဒီယာ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသွားတဲ့ သတင်းထောက်တွေ အပါအဝင် လက်ရှိအကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ သတင်းထောက်တွေဟာ ဓာတ်ပုံနဲ့ ရုပ်သံသတင်းရိုက်ကူး တင်ဆက်ကြသူတွေ အများစု ဖြစ်ကြပါတယ်။
 
ဒီလိုအခြေအနေထဲမှာကိုပဲ မတရားမှုကို ကင်မရာနဲ့ တွန်းလှန်ကြမယ့် သူတွေကလည်း နောက်ဆုတ် မသွားခဲ့ကြပါဘူး။ ဒီလူတွေထဲမှာ သူမလည်းပါဝင်ပါတယ်။
 
“ အာဏာသိမ်းထားလို့ အလုပ်တွေက မလုပ်ရ၊ မလုပ်ရပါဘူးဆို ကိုဗစ်ကဖြစ် ဘဝမှာ အဲ့လောက်ကြီး ဆိုးဆိုးဝါးဝါးကြီးကြုံရမယ်လို့ တစ်ခါမှ မတွေးထားမိဘူး။ တော်တော်တော့ ကျော်ဖြတ်ရတယ်။ ဒီတော်လှန်ရေးကြီးကိုလည်း မြန်မြန်ပြီးချင်တယ်။ ကိုယ်တွေဘက်က အနိုင်နဲ့ပြီးချင်တာပေါ့နော်။ မြန်မြန်ပြီးဖို့ဆိုတာကလည်း ကိုယ်တိုင်ပါဝင်ဖို့လိုတယ် ဒါကြောင့် ကိုယ်တိုင်ပါဝင်တယ် ”
အမျိုးသမီး ဓာတ်ပုံသတင်းထောက် တစ်ယောက်ဟာ လူကြားထဲတိုးဝှေ့ရတဲ့ နည်းလမ်းတွေကို သိထားဖို့လိုသလို အမျိုးသားအများစုဖြစ်တဲ့ လုပ်ငန်းခွင်အတွင်းမှာ ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ဝေဖန်မှုတွေကိုလည်း ခံနိုင်ရည်ရှိဖို့လိုတယ်လို့ သူမကဆိုပါတယ်။
ဒါပေမယ့် အခုလိုကာလဆိုးကြီးကို ကင်မရာကိုင်ပြီး စားသောက်နေထိုင်ဖို့ ရှာဖွေရင်း၊ စစ်အာဏာရှင် တော်လှန်ရေးအတွက် အထောက်အကူပြုနိုင်မယ့် အလုပ်တွေလုပ်ရင်း၊ ကင်မရာ မကိုင်နိုင်တော့တဲ့ ဘဝတူ ဓာတ်ပုံပညာရှင်တွေကို ဖေးမရင်း ဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ယောက်ကတော့ မြန်မာနိုင်ငံအတွင်းမှာဆက်ရှိနေပါတယ်။