အင်ဒိုနီးရှားမှာ အသေခံ ဗုံးခွဲမှုကြောင့် ရဲအရာရှိ တစ်ဦးသေပြီး ခုနစ်ဦး ဒဏ်ရာရ

အင်ဒိုနီးရှား နိုင်ငံက ရဲစခန်း တစ်ခုမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ဗုံးသမားနဲ့ ရဲအရာရှိတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

 

အင်ဒိုနီးရှားရဲ့ အဓိက ကျွန်းမကြီးဖြစ်တဲ့ ဂျာဗားမှာ ဒီဇင်ဘာ ၇ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စုစုပေါင်း ၂ ဦးသေပြီး ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုကို အိုင်အက်စ် အကြမ်းဖက် အဖွဲ့နဲ့ ဆက်စပ်မှု ရှိနေတဲ့ အစွန်းရောက် မွတ်ဆလင် စစ်သွေးကြွ အုပ်စုတစ်ခုက ကျူးလွန်တယ်လို့ ရဲတွေ့ ပြောပါတယ်။

 

ဗုံးသမားဟာ အက်စတာနာ အန်ညာ ရဲစခန်းကို မော်တော်ဆိုင်ကယ် တစ်စီးနဲ့ ရောက်ရှိလာပြီးတဲ့နောက် မနက်ပိုင်း တန်းစီနေကြတဲ့ ရဲတွေနားမှာ အသေခံ ဖောက်ခွဲလိုက်တာလို့ ဘန်ဒွန်မြို့၊ ရဲတပ်ဖွဲ့ အကြီးအကဲ အက်စ်ဝင် ဆီပါယွန်က ပြောပါတယ်။

 

ဒီတိုက်ခိုက်မှုကြောင့် ရဲ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် ၆ ဦး ဒဏ်ရာတွေ ရခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် အနားမှာ ရှိနေတဲ့ အရပ်သား ၁ ယောက်ကိုလည်း ဆေးရုံ ပို့ခဲ့ရပါတယ်။ ရဲတွေက အကြမ်းဖက်သမားရဲ့ နာမည်ကို အာဂူစ် ဆာဂျာနိုလို့ ကြေညာထားပါတယ်။

 

ဗုံးသမား စီးနင်းလာတဲ့ ဆိုင်ကယ်ကို စစ်ဆေးကြည့်တဲ့ အခါမှာ မကြာသေးခင်က အသစ်ပြဋ္ဌာန်းခဲ့တဲ့ အင်ဒိုနီးရှားရဲ့ ရာဇဝတ် ကျင့်ထုံး ဥပဒေသစ်နဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရေးသားထားတဲ့ စာတစ်စောင်ကို တွေ့ခဲ့ရပါတယ်။ အဲဒီ ဥပဒေသစ်ဟာ မွတ်ဆလင် ရှယ်ရီရာ ကျင့်ထုံးတွေကို အခြေခံထားတယ်လို့ ပြောပေမယ့် အစွန်းရောက် အစ္စလာမ်မစ် ဝါဒကို ချိုးနှိမ်ဖို့ ရည်ရွယ်ထားတာသာ ဖြစ်ကြောင်း သဘောထား တင်းမာတဲ့ မွတ်ဆလင်တွေက စွပ်စွဲတာကြောင့် အငြင်းပွားစရာတွေ ကြုံနေပါတယ်။

 

အင်ဒိုနီးရှားဟာ ၂၀၀၂ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ကမ္ဘာကျော် ဘာလီကျွန်း ဗုံးခွဲမှုတွေ နောက်ပိုင်း ဗုံးခွဲ တိုက်ခိုက်မှုတွေကို နှစ်အလိုက် ကြိုကြားကြိုကြား ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်ကလည်း အလားတူပဲ မီဒန်မြို့မှာရှိတဲ့ လူရှုပ်ထွေးနေတဲ့ ရဲစခန်း တစ်ခုထဲမှာ အသေခံ ဗုံးသမား တစ်ယောက်ရဲ့ ဖောက်ခွဲမှုကြောင့် လူ ၆ ဦး ဒဏ်ရာရခဲ့ဖူးပါတယ်။

 

၂၀၁၈ တုန်းက မိသားစု နှစ်ခုဟာ ဆူယာဘာယာ မြို့ထဲက ခရစ်ယာန် ဘုရားကျောင်းတွေဆီ ဖြန့်ကျက်သွားပြီး အသေခံ ဗုံးခွဲခဲ့ကြတာကြောင့် ၁၂ ဦးလောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ မိဘတွေက အတင်းခိုင်းစေလို့ အသေခံ ဗုံးခွဲခဲ့ရတဲ့ မိန်းကလေးငယ် နှစ်ယောက်လည်း ပါဝင်ပါတယ်။

မနှစ်တုန်းကတော့ လက်ထပ်ပြီးစလို့ ယုံကြည်ရတဲ့ အကြမ်းဖက် အဖွဲ့ဝင် စုံတွဲတစ်တွဲဟာ ဆူလာဝေဆီက ရိုမန်ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းကြီး တစ်ခုရှေ့မှာ တနင်္ဂနွေနေ့ ဝတ်ပြုနေတုန်း အသေခံ ဗုံးခွဲခဲ့တာကြောင့် လူ ၂၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။