မုံရွာမြို့‌ပေါ်ရပ်ကွက်တွေမှာ ပစ်ခတ်သံတွေကြားနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ မုံရွာမြို့ဝင်ရပ် အနောက်ခြမ်းမှာ ဒီကနေ့ ဒီဇင်ဘာ ၇ ရက်ညနေပိုင်းကစလို့ ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့် ဒေသခံတွေ ရပ်ကွက်တွေထဲကနေ ထွက်ပြေးနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

‘’ပစ်သံတွေကတော့ ကြားနေရတာ မဆန်းတော့ဘူး။ အခုရက်ထဲ ပိုစိပ်လာတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီးတော့ ပိုဆိုးလာတာ။ မင်းတို့ ရပ်ကွက်တွေ မီးနဲ့တိုက်မယ်လည်းပြောတယ်။ ဒေသခံတွေကတော့ အဲ့ဒီရက်ကလည်း လူ ၃၀၀၀ လောက်ရှိမယ် စပြီးစစ်ရှောင်နေကြတာ’’ လို့ မုံရွာမြို့ခံတဦးကDNA ကိုပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၆ ရက်ညပိုင်းက မုံရွာ – မန္တလေးလမ်းမကြီးရှိ မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်မှုလုပ်ခဲ့ရာမှာ စစ်ကောင်စီတပ်သားတဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေလည်းများတာကြောင့် အခုလိုရပ်ကွက်တွေထဲ ရမ်းသန်းပစ်ခတ်တာတွေလုပ်ခဲ့တာဖြစ်တယ်လို့လည်း မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

ဒီကနေ့ ပစ်ခတ်မှုမှာလည်း ဒေသခံတဦး ကျည်ထိမှန်သွားတယ်လို့ မြို့နယ်သတင်းတွေမှာ ဖော်ပြနေတာတွေ့ရပြီး DNA ကလည်း ဒါနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။