ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ရောက် ပထမဆုံး အာရပ်နိုင်ငံ ဖြစ်လာတဲ့ မော်ရိုကို

ကမ္ဘာ့ချန်ပီယံဟောင်း နာမည်ကြီး စပိန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့နောက် မော်ရိုကိုဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်တဲ့ ပထမဆုံး အာရပ်နိုင်ငံအဖြစ် မှတ်တမ်း ဝင်လာခဲ့ပါတယ်။
အာရပ်နိုင်ငံ တစ်ခုဖြစ်တဲ့ ကာတာမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားမှာ အာရပ်နိုင်ငံ တစ်ခုဖြစ်တဲ့ မော်ရိုကိုရဲ့ စွမ်းဆောင်မှုက အမှတ်တရတွေ ပိုပြီး ချန်လှပ်ထားနိုင်ခဲ့ပါတယ်။ စပိန် အသင်းဟာ သူတို့အားသန်တဲ့ ပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုကို အသာစီးယူပြီး ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် မော်ရိုကိုရဲ့ မာကျောတဲ့ ခံစစ်နဲ့ မဆုတ်မနစ် အားထုတ်မှုတွေကို မိနစ် ၁၂၀ လုံးလုံး မကျော်လွှားနိုင်ခဲ့ပါဘူး။ ဒီအတောအတွင်း မော်ရိုကိုကတော့ စပိန်ကို တန်ပြန်တိုက်စစ်ကနေတဆင့် ဒုက္ခပေးနိုင်တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။
ပင်နယ်တီ အဆုံးအဖြတ်မှာတော့ စပိန်ဟာ ပင်နယ်တီ ၃ လုံးသာ ကန်ပြီးတဲ့အချိန်မှာ ၁ လုံးတိုင်ထိထွက်သွားပြီး ၂ လုံးကို မော်ရိုကို ဂိုးသမား ယာဆင်ဘူနူက လက်စွမ်းပြ ကာကွယ်သွားတာကြောင့် ၅ လုံးအပြည့်တောင် ကန်စရာ မလိုဘဲ ရှုံးနိမ့်သွားခဲ့ပါတယ်။ မော်ရိုကိုအတွက် အဆုံးအဖြတ် ပင်နယ်တီကိုတော့ နောက်ခံလူ အက်ချ်ရက်ဖ် ဟာကီမီက တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးသတ် ကန်သွင်းသွားခဲ့ပါတယ်။
မော်ရိုကိုဟာ အာရပ်မျိုးနွယ်စုတွေ အဓိက နေထိုင်တဲ့ နိုင်ငံဖြစ်ပေမယ့် ပထဝီဝင် အနေအထားအရ အာဖရိကတိုက် အနောက်မြောက်ဖက်စွန်းမှာ တည်ရှိနေပါတယ်။ ဒါကြောင့် ပထဝီ အနေအထား ရှုထောင့်က ကြည့်မယ် ဆိုရင်တော့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ထိ ရောက်ရှိတဲ့ စတုတ္ထမြောက် အာဖရိက အသင်းအနေနဲ့ မှတ်တမ်း ဝင်လာခဲ့ပါတယ်။
မော်ရိုကိုရဲ့ စွမ်းဆောင်ရည်ကို အာရပ်နိုင်ငံတွေက မြို့တွေ အများအပြားမှာ ပရိသတ်တွေ စုဝေးပြီး ဂုဏ်ပြု အောင်ပွဲ ခံခဲ့ကြပါတယ်။ သူတို့ အနေနဲ့ မော်ရိုကို နိုင်ငံတင် မကဘဲ တစ်ကမ္ဘာလုံးက အားပေးမှုတွေကိုပါ ရရှိနေတယ်လို့ ခံစားခဲ့ရကြောင်း ပွဲရဲ့ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့သူ ဂိုးသမား ဘူနူက ပြောပါတယ်။ မော်ရိုကို ပရိသတ်တွေက သူတို့ အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံ ဆုကိုတောင် မျှော်မှန်းခွင့် ရှိနေပြီလို့လည်း လူမှုကွန်ရက် မီဒီယာတွေမှာ ရေးသားနေကြတာ တွေ့ရပါတယ်။
ဒါပေမဲ့ မော်ရိုကိုအတွက် ရှေ့ဆက်ရမယ့် လမ်းတွေက ပိုပြီး ခက်ခဲ ကြမ်းတမ်းလာမယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ သူတို့ဟာ ကွာတားဖိုင်နယ် အဆင့်မှာ ပေါ်တူဂီ အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ပေါ်တူဂီဟာ ခြေစွမ်းမညံ့တဲ့ ဆွစ်ဇာလန်ကို ၆-၁ နဲ့ ပြတ်ပြတ်သားသား အနိုင်ယူပြီး ဒီအဆင့်ကို တက်လှမ်းလာတာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် မော်ရိုကိုရဲ့ အခုနှစ် ကမ္ဘာ့ဖလား ဖြတ်သန်းမှုက ဂုဏ်ငယ်စရာ မရှိတော့ဘူး ဆိုတာတော့ သေချာပါတယ်။ မော်ရိုကိုဟာ ကွာတားဖိုင်နယ်ရောက် ရှစ်သင်းထဲမှာ ဥရောပနဲ့ တောင်အမေရိက ပြင်ပက တစ်ခုတည်းသော အသင်းပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ အဲဒီ တိုက်ကြီးနှစ်ခုက အသင်းတွေပဲ ဗိုလ်စွဲခဲ့ဖူးတဲ့ အစဉ်အလာကို မော်ရိုကိုက ချိုးဖျက်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။
အရင်က အာဖရိက အသင်းတွေထဲမှာ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်အောင် ကင်မရွန်း၊ ဆီနီဂေါနဲ့ ဂါနာတို့က စွမ်းဆောင်ပြနိုင်ခဲ့ဖူးပေမယ့် တစ်သင်းမှ အကြိုဗိုလ်လုပွဲ အဆင့်ထိတော့ မရောက်ခဲ့ကြောင်း သိရပါတယ်။