ရော်နယ်လ်ဒိုကို အရန်ခုံ ပို့ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပေါ်တူဂီ နည်းပြချုပ် ရှင်းလင်း

အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အရန်ခုံ ပို့ခဲ့တာဟာ နည်းဗျူဟာပိုင်း ဆုံးဖြတ်ချက် သက်သက်သာ ဖြစ်တယ်လို့ ပေါ်တူဂီ နည်းပြချုပ် ဖာနန်ဒို ဆန်းတို့စ်က ပြောကြားခဲ့ပါတယ်။

 

ကမ္ဘာ့ဖလား ရှုူံးထွက်အဆင့် ပွဲစဉ်အဖြစ် ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ချိန်မှာ ဆန်းတို့စ်က အသက် ၃၇ နှစ်အရွယ် အသင်းခေါင်းဆောင်ကို အရန်ခုံပို့ပြီး အသက် ၂၁ နှစ်သာ ရှိသေးတဲ့ လူငယ်တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်ကို ပွဲထွက်စေခဲ့ပါတယ်။ ဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက်က အလုပ်ဖြစ်ခဲ့ပြီး ရာမို့စ်က တစ်ဦးတည်း သုံးဂိုး (Hat-Trick) သွင်းခဲ့သလို ပေါ်တူဂီက ၆-၁ ဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။

 

ဆန်းတို့စ်က ရာမို့စ်မှာ ရော်နယ်လ်ဒိုနဲ့ ကွဲပြားတဲ့ ဝိသေသ လက္ခဏာတွေ ရှိနေကြောင်း၊ ရော်နယ်လ်ဒိုက ဧရိယာထဲမှာ အာရုံစိုက် ကစားလေ့ ရှိပေမယ့် ရာမို့စ်ကတော့ ပေါက်ကွဲအား ကောင်းကောင်းနဲ့ ရွေ့လျား ကစားတတ်ပြီး အဆုံးသတ်မှာတော့ သူဘာတွေ လုပ်ပြနိုင်တယ်ဆိုတာ အားလုံးမြင်အောင် ပြသသွားကြောင်း ပြောပါတယ်။ ရာမို့စ် Hat-Trick သွင်းနိုင်တာကို မအံ့ဩကြောင်းနဲ့ ရှေ့ပွဲစဉ်တွေမှာလည်း အခွင့်အရေးရတိုင်း ခြေစွမ်းပြခဲ့ကြောင်း၊ ပေါ်တူဂီမှာ ကွဲပြားတဲ့ တိုက်စစ်သမား ၃ ယောက် ပိုင်ဆိုင်ထားပြီး သူ့နည်းဗျူဟာနဲ့ ကိုက်ညီမယ့်သူကို တစ်ပွဲချင်းစီအတွက် ဆုံးဖြတ် ရွေးချယ်မှာဖြစ်ကြောင်းလည်း ဆန်းတို့စ်က ဆိုပါတယ်။

 

သူက ရော်နယ်လ်ဒိုနဲ့ အရမ်း ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ကမ္ဘာကျော် တိုက်စစ်မှူးကို အရန်ခုံ ပို့ခဲ့တာဟာ နည်းဗျူဟာပိုင်း ရွေးချယ်မှု သက်သက်သာဖြစ်ကြောင်း၊ ဒီပွဲမှာ ပိုပြီး နေရာစုံ ရွေ့လျား ထိုးဖောက်တဲ့ တိုက်စစ် ပုံစံမျိုးကို ခင်းကျင်းချင်တဲ့အတွက် အပြောင်းအလဲ လုပ်ခဲ့တာဖြစ်ကြောင်း၊ တောင်ပံ ခံစစ်မှာလည်း သူ့ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ ကန်ဆယ်လိုကို အနားပေးပြီး ဒီယိုဂို ဒါလော့နဲ့ ရာဖာရဲလ် ဂွာရဲရိုးတို့ကို အခုပွဲမှာ အသုံးပြုခဲ့ကြောင်း ဆန်းတို့စ်က ဆက်ပြောပါတယ်။ ရော်နယ်လ်ဒိုဟာ မိနစ် ၇၀ ကျော်မှ ရာမို့စ်ရဲ့ နေရာမှာ လူစားထိုး ဝင်ရောက် ကစားသွားခဲ့ပါတယ်။

 

Hat-Trickရှင် ရာမို့စ်ကတော့ ရော်နယ်လ်ဒိုရဲ့ အခန်းကဏ္ဍဟာ ဘယ်တော့မှ မှေးမှိန်သွားမှာ မဟုတ်ကြောင်း၊ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီ အသင်းခေါင်းဆောင် အနေနဲ့ အားလုံးကို အများကြီး ကူညီခဲ့၊ တွန်းအားပေးခဲ့ကြောင်း၊ ဒါပေမဲ့ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ သူကိုယ်တိုင်က ပွဲထွက်ခွင့် ရပြီး သုံးဂိုး သွင်းနိုင်မယ် ဆိုတာကိုတော့ အိပ်မက်တောင် မမက်ခဲ့ဘူးကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။