ဆာဘီးယားနဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရခဲ့တဲ့နောက် သူ့ရဲ့ ကမ္ဘာ့ဖလား ဖြတ်သန်းမှု အဆုံးသတ်သွားမှာကို စိတ်ပူမိခဲ့ကြောင်း နေမာက ဝန်ခံခဲ့ပါတယ်။
ဘရာဇီး အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူးဟာ အုပ်စုအဖွင့် ပွဲစဉ်မှာ ဆာဘီးယား ကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကြောင့် ခြေကျင်းဝတ် ဒဏ်ရာ ရခဲ့ပြီး လက်ကျန် အုပ်စုပွဲ နှစ်ခုကို လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားတဲ့ တောင်ကိုရီးယား အသင်းနဲ့ ရှုံးထွက်အဆင့် ပွဲစဉ်မှာ အသင်းအတွက် ပြန်လည် ပွဲထွက်လာပြီး ပင်နယ်တီကနေတဆင့် တစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဘရာဇီး အသင်းကလည်း အာရှထိပ်သီး တောင်ကိုရီးယားကို ၄-၁ နဲ့ အပြတ်အသတ် အနိုင်ယူပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းလာခဲ့ပါတယ်။ အသက် ၃၀ အရွယ် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးက သူဟာ ဆွစ်ဇာလန်နဲ့ ကင်မရွန်း ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့နောက် ကမ္ဘာ့ဖလား မပြီးဆုံးခင် ကြံ့ခိုင်မှု ပြန်မပြည့်လာမှာကို အထူး စိုးရိမ်မိခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဖလားမှာ ပြန်မကစားနိုင်တော့မှာကို တွေးတော ကြောက်ရွံ့နေခဲ့မိကြောင်း၊ ဒါပေမဲ့ အသင်းဖော်တွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေရဲ့ ဝိုင်းဝန်း အားပေးမှုနဲ့အတူ အမြန်ဆုံး ပြန်နာလန်ထလာနိုင်အောင် ကြိုးစားခဲ့ကြောင်း နေမာက ပြောပါတယ်။ သူဟာ ဆာဘီးယားနဲ့ပွဲမှာ အတော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး ၁၁ ရက် အကြာမှာ အသင်းအတွက် ပြန်လည် ပါဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ အခုပွဲစဉ်မှာ လက်ရွေးစင် အသင်းအတွက် ၁၂၃ ကြိမ် ကိုယ်စားပြုပြီး ၇၆ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့ပါတယ်။ အခုဆိုရင် သူဟာ ဘရာဇီးရဲ့ ထာဝရ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေတဲ့ ပီလီရဲ့ စံချိန်ကို လိုက်မီဖို့ တစ်ဂိုးသာ လိုပါတော့တယ်။ နောက်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ စုစုပေါင်း ၁၂ ကြိမ်မြောက် ကစားပြီး ၇ ဂိုးမြောက် သွင်းယူတာလည်း ဖြစ်လာပါတယ်။
နေမာဟာ ပွဲပြီးခါနီး ၉ မိနစ်လောက် အလိုအထိ ကစားခဲ့ပြီးမှ ရိုဒရီဂိုနဲ့ လူစားလဲ ထွက်ခွာခဲ့ပါတယ်။ နည်းပြချုပ် တစ်တီ အနေနဲ့ လက်ကျန် ပွဲစဉ်တွေ ရှိနေသေးတဲ့ အချိန်မှာ သူ့ရဲ့ အရေးအကြီးဆုံး ကစားသမားကို သတိကြီးကြီးနဲ့ သုံးစွဲနေဟန် ရှိပါတယ်။ နေမာက သူ့ရဲ့ ခြေကျင်းဝတ်မှာ နာကျင်မှု လုံးဝ မခံစားရတော့ကြောင်း၊ ဒီပွဲမှာလည်း ကောင်းကောင်း ကစားနိုင်တယ်လို့ ထင်ကြောင်း၊ ဒါပေမဲ့ အသင်းဟာ တိုးတက်စရာတွေ အများကြီး ကျန်နေသေးကြောင်း မှတ်ချက် ပေးသွားပါတယ်။
ဘရာဇီးဟာ ဂျပန်ကို အနိုင်ယူလာတဲ့ ခရိုအေးရှား အသင်းနဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။