မုဒုံမြို့မှာ ရိုဟင်ဂျာ ရှစ်ဆယ်ဝန်းကျင် အဖမ်းခံရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်မှာ ဒီဇင်ဘာ( ၅) ရက် မနက်ပိုင်းက စက်လှေတစီးရဲ့ဝမ်းဗိုက်အတွင်း တင် ဆောင်လာတဲ့ ရိုဟင်ဂျာ (၈၀) နီးပါးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းမိခဲ့တဲ့စက်လှေဟာ ဒီကနေ့မနက် (၇) နာရီ ဝန်းကျင်က ကမာဝက်ချောင်းဝမှာ ခေတ္တ ကျောက်ချရပ်နားထားချိန် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက သွားရောက်စစ်ဆေးခဲ့ပြီး ရိုဟင်ဂျာတွေကို တွေ့ရှိဖမ်းမိသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့စက်လှေ ကျောက်ချထားတဲ့အချိန်မှာ ဘယ်သူသတင်းပေးလိုက်လဲမသိဘူး၊ ဌာနဆိုင်ရာပူး ပေါင်းအဖွဲ့တွေ ချက်ချင်းရောက်လာပြီး ဝင်ဖမ်းလိုက်တာ၊ လှေဝမ်းဗိုက်အောက်မှာ ပုန်းပြီးလိုက်လာကြတာ” လို့ ကမာဝက်မြို့ခံ တဦးက DNA ပြောပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် ကျား (၅၆) ဦး၊ မ (၂၂) ဦးပါဝင်ပြီး တချို့က ဗမာစကားကို ကောင်းကောင်းမွန်မွန် မပြောနိုင်ဘူးလို့ ဆိုပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာအားလုံးကို မုဒုံမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးမေး မြန်းတာတွေ လုပ်နေတယ်လို့ အဲ့ဒီရဲစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒေသခံတွေပြောဆိုချက်အရ ဖမ်းဆီးခံရတဲ့ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်ဘက်က ရွေ့ပြောင်းလာကြသူတွေဖြစ်ကြပြီး ရန်ကုန်ကနေ မော်လမြိုင်အထိ ကားနဲ့တင်ဆောင်လာခဲ့ပြီးနောက် မုဒုံမြို့ကတဆင့် ရေလမ်းကြောင်းအတိုင်း စက်လှေတွေနဲ့ ထိုင်းနိုင်ငံဘက်ကို သွားရောက်အလုပ်လုပ်ကိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ဒီကနေ့ (ဒီဇင်ဘာ ၅ ရက်) မနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဘားလားကျေးရွာမှာ စွန့်ပစ်ထားတဲ့ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကိုတွေ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။