မုဒုံအုပ်ချု့ပ်ရေးမှုးရုံးမှာဗုံးပေါက်လို့ လေးဦးထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မုဒုံမြို့ပေါ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဒီကနေ့ ဒီဇင်ဘာ ၅ရက် မနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အရပ်သားအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
ဒီကနေ့မနက် ၁၁နာရီဝန်းကျင်က အမှတ်(၂)အုပ်ချုပ်ရေးမှူးရုံးဝင်းထဲကို အမည်မသိလူတစ်စုက လက်ပစ်ဗုံးနဲ့ လာရောက်ပစ်သွင်းခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
အဲဒီပေါက်ကွဲမှုကြောင့် ရုံးထဲမှာ ရှိတဲ့ ရပ်/ကျေးစာရေးတစ်ဦး၊ ရာအိမ်မှူးတစ်ဦးနဲ့ ထောက်ခံစာလာယူတဲ့ အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက DNA ကို ပြောပါတယ်။
 
“ မနက်က ၁၀ နာရီခွဲကျော် ၁၁ နာရီလောက်မှာ ပေါက်ကွဲတာပါ၊ ရုံးထဲမှာတော့ ထွေအုပ်စာရေးရယ်၊ ရာအိမ်မှူးရယ်နဲ့ ထောက်ခံချက်လာယူတဲ့ အရပ်သားနှစ်ဦးရှိနေတယ်။ သူတို့လေးဦးစလုံးတော့ ထိခိုက်ဒဏ်ရာရရှိသွားတယ်၊ သိရသလောက်ကတော့ လက်ပစ်ဗုံးနဲ့ လာပစ်သွင်းသွားတာပဲ။ ထိတာတော့ လေးယောက်ပဲထိတယ်။ ကျန်တဲ့သူတွေလည်း ရှိရင် ရှိမယ်၊ တိတိကျကျတော့ မသိရဘူးပေါ့။ ရုံးအဆောက်အဦပိုင်းတော့ နည်းနည်းပျက်စီးသွားတယ်’’ လို့ မြို့ခံတဦးကပြောပါတယ်။
ဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲမှာ အမျိုးသား သုံးဦးနဲ့ အမျိုးသမီးတစ်ဦးပါဝင်ပြီး အဲဒီထဲက သုံးဦးဟာ ဒဏ်ရာပြင်းထန်နေတာကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားရတယ်လို့လည်းဆက်ပြောပြပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုပ်ချုပ်ရေးမှူးရုံးမှာ ရှာဖွေစစ်ဆေးမှုတွေဆက်လုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် လက်ရှိအုပ်ချုပ်ရေးမှူးရုံးဟာ အရင်တုန်းကလည်း နှစ်ကြိမ်ထက်မနည်းပေါက်ကွဲမှုတွေဖြစ်ခဲ့သေးတယ်လို့လည်းမြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
 
ဒီကနေ့ ပေါက်ကွဲမှုကိုတော့ ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာ ပြောဆိုထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။