စမ်းချောင်း၊ ဂန္ဓမာလမ်းက တိုက်ခန်းတခုကို အမျိုးသမီးတဦးက အနုကြမ်းဝင်စီး

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ ဂန္ဓမာလမ်းက နေအိမ်တအိမ်ကို အမျိုးသမီးတဦးက ဝင်ရောက်အနုကြမ်းစီးဖို့ ကြိုးစားခဲ့ပြီး ရပ်ကွက်နေသူတွေသိသွားလို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အဲ့ဒီလမ်းမှာ နေထိုင်သူတွေဆီက သိရပါတယ်။

“ကျွန်တော်တို့ ဂန္ဓမာလမ်း အလယ်လောက်၊ သမဆိုင်နားက အိမ်မှာဖြစ်တာ၊ ရပ်ကွက်က လူတွေသိသွားပြီး အနုကြမ်းစီးတဲ့လူလည်း ထွက်ပြေးသွားလို့ ပစ္စည်းတွေတော့ပါမသွားဘူး” လို့ မုန်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်နေ ဒေသခံတဦးက ပြောပါတယ်။

အနုကြမ်းစီးဖို့ ကြိုးစားခံရတဲ့နေအိမ်ဟာ မြေညီထပ်တိုက်ခန်းတခုဖြစ်ပြီး နေအိမ်ပိုင်ရှင် အသက် (၆၀) ဝန်းကျင် အမျိုးသမီးက အိမ်အပြင်ဘက်မှာ တံမြက်စည်းလှဲနေချိန် အမျိုးသမီးတဦးက အိမ်အတွင်း အလစ်အငိုက်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ရှင်အမျိုးသမီးက တံမြက်စည်းလှဲအပြီး အိမ်ထဲကိုပြန်ဝင်လာချိန်မှာ အနုကြမ်းစီးတဲ့အမျိုးသမီးက အိမ်ရှင်ရဲ့လည်ပင်းကို ဓားနဲ့ထောက်ပြီး ဝါယာကြိုးနဲ့ချည်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အိမ်ရှင်အမျိုးသမီးနဲ့ အနုကြမ်းစီးတဲ့အမျိုးသမီးတို့ နေအိမ်အတွင်း အပြန်အလှန် လုံးထွေးနေချိန်မှာ ခေါင်းရင်းနေအိမ်က အိမ်ပိုင်ရှင်အမျိုးသမီးရဲ့ ဆွေမျိုးတွေက သိသွားပြီး ရပ်ကွက်ကို အကူအညီတောင်းခဲ့တာကြောင့် အနုကြမ်းစီးသူ အမျိုးသမီး လွတ်မြောက်သွားခဲ့တယ်လို့ အဲ့ဒီရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။

“အိမ်ခေါင်းရင်းအခန်းကလည်း အခုဖြစ်တဲ့အစ်မကြီးရဲ့ ညီမတွေနေတာ၊ သူတို့အစ်မအခန်းကအော်သံကြားလို့ ထွက်ပြီးလာကြည့်တော့ အနုကြမ်းစီးနေတာကိုမြင်လို့ ရပ်ကွက်ကိုအကူအညီတောင်းတဲ့အချိန်မှာ အဲ့ဒီအနုကြမ်းစီးတဲ့ အမျိုးသမီးက နောက်ဖေးလမ်းကြားကနေ ထွက်ပြေးသွားတယ်”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

အခုလို အနုကြမ်းစီးမှုဖြစ်ပွားခဲ့​ပြီးနောက် စမ်းချောင်းမြို့နယ်ရဲစခန်းက ရဲတချို့ရောက်ရှိလာပြီး စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကာ ကာယကံရှင်တွေကလည်း အမှုဖွင့်ထားတယ်လို့သိရပါတယ်။