မြောက်ဒဂုံမြို့နယ်က KTVနဲ့ Bar သုံးခု ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ ၊​ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းက KTVနဲ့Barတချို့ကို ဒီဇင်ဘာ (၄)ရက် ညပိုင်းမှာ မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Human Rights Defenders အဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေက ပူးပေါင်းပြီး သတိပေးဖောက်ခွဲတာတွေလုပ်ဆောင်ခဲ့တယ်လို့ HRD အဖွဲ့တာဝန်ခံက DNAကို ပြောပါတယ်။
 
“စကစ ရဲ့ထောက်တိုင်တွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊သုံးနေရာစလုံးကို ကျန်တော်တို့ HRD နဲ့ မဟာမိတ်ညီနောင် သွေးသစ္စာ အဖွဲ့ ပူးပေါင်းပီး မစ်ရှင်ဖော်ဆောင်ခဲ့တာပါ၊သတိပေးတဲ့အနေနဲ့ပဲဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
 
မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမကြီး ရှိ YGN (Ktvနှင့်Bar)ရှေ့နဲ့ ပင်လုံလမ်းမကြီး ရှိ (Asahi 3Beer Pub & BBQ )ရှေ့တွေမှာ အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်တာတွေအပြင် privacy (Ktv & Restaurant) ဆိုင်ကိုလည်း သတိပေးဖောက်ခွဲခဲ့ပေမယ့် စစ်ကောင်စီဘက်က နည်းပညာအကာအ ကွယ်ပေးထားတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ HRDရဲ့ တာဝန်ခံက ဆိုပါတယ်။
 
ပေါက်ကွဲမှုကြောင့် ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ KTVနဲ့Barဆိုင်တွေ ပျက်ဆီးမှုတချို့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုကိုတော့ အဖွဲ့အနေနဲ့လည်း စုံစမ်းစောင့်ကြည့်နေတယ်လို့ဆိုပါတယ်။
 
ပေါက်ကွဲမှုတွေအပြီး စစ်ကောင်စီတပ်ဘက်က အင် အားအများအပြားရောက်ရှိလာပေမယ့် အဖွဲ့ဝင်တွေအနေနဲ့ ဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော်လှန်ရေးအဖွဲ့ဝင်တွေဖမ်းဆီးခံရမှုဆက်တိုက်ရှိနေပေမယ့်လက်မလျော့ဘဲဆက်လက်တော်လှန်တိုက်ခိုက်မှု တွေရှိနေခဲ့ပါတယ်။
 
လှိုင်သာယာမြို့နယ်၊မီးခွက်‌ဈေးရုပ်ရှင်ရုံရှေ့၊ ဈေးပွဲတော်ကျင်းပတဲ့နေရာအရှေ့ဘက် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်နဲ့ ၂၀ရပ်ကွက် ဘောလုံးကွင်းအနီးမှာလည်း ဒီဇင်ဘာ(၄)ရက်၊ညပိုင်းကဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
 
“ပေါက်တဲ့နေရာကလည်း လူနဲနဲရှင်းနေတော့ တော်သေးတာက လူထိခိုက်တာမရှိခဲ့ဘူး၊ပွဲစျေးလည်း လူမထွက်တော့ဘူးပေါ့၊စစ်သားတွေရော၊ရဲတွေရောရောက်လာပြီး ရှုပ်ယှက်ခတ်သွားတယ်”လို့ မီးကွက်စျေးအနီးနေထိုင်သူတဦးကပြောပါတယ်။
 
ဒါ့အပြင်ရွှေပြည်သာမြို့နယ်၊ရွှေပြည်သာတံတားအဆင်း (၁၄ လမ်းဆုံအနီးမှာလည်းဒီဇင်ဘာ (၄)ရက် မနက်ပိုင်းက ဆိုင်ကယ်ဖမ်းဆီးနေတဲ့ ရဲနဲ့ယာဉ်ထိန်းရဲတွေမိုင်းဖောက်ခွဲ တိုက်ခိုက်ခံ ရတာကြောင့်သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရကာကားတစီးထိခိုက်ပျက်စီးခဲ့တယ်လို့ ရွှေ ပြည်သာမြို့ခံတွေကပြောပါတယ်။