ပြဿနာတွေ ဖန်တီးခဲ့တဲ့ ဘာသာရေး ရဲတပ်ဖွဲ့ကို အီရန် ဖျက်သိမ်း

လက်ရှိ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေရဲ့ အဓိက လက်သည်လို့ ဆိုရမယ့် ဘာသာရေး ရဲတပ်ဖွဲ့ကို အီရန် အစိုးရက ဖျက်သိမ်းပစ်လိုက်ပါတယ်။

ဘာသာရေး ရဲတပ်ဖွဲ့ဟာ ပြည်တွင်းမှာ အစ္စလာမ်မစ် ဘာသာရေးနဲ့ လျော်ညီတဲ့ ဝတ်စားဆင်ယင်မှုတွေကို ထိန်းသိမ်းဖို့ အဓိက ဖွဲ့စည်းထားတာပါ။ အဲဒီ ရဲတွေရဲ့ လုပ်ရပ်ဟာ တစ်ခါတလေမှာ အလွန်အကျွံ ဖြစ်ပြီး အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေကြောင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စက်တင်ဘာ လလယ်မှာတော့ ဘာသာရေးရဲတွေက ဖမ်းဆီးနှိပ်စက်ပြီး လက်လွန်သွားရာက အသက် ၂၂ နှစ်အရွယ် အီရန် အမျိုးသမီးငယ် မာရှာ အမီနီ သေဆုံးသွားခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်နောက်ပိုင်း ဘာသာရေး ရဲတွေကို မကျေနပ်လို့ အီရန်နိုင်ငံ အနှံ့မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာတော့ ဘာသာရေး အခြေပြု အုပ်ချုပ်တဲ့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးအသွင် ကူးပြောင်းလာပါတယ်။

အခုအခါမှာတော့ အီရန် အစိုးရ ရှေ့နေချုပ် မိုဟာမက် ဂျက်ဖာ မွန်တာဇာရီက နိုင်ငံရဲ့ ဘာသာရေး ရဲတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။ သူက ဒီဇင်ဘာ ၄ ရက်မှာ ပြုလုပ်တဲ့ ဘာသာရေး ညီလာခံ တစ်ခုမှာ အဲဒီသတင်းကို အတည်ပြုသွားတာ ဖြစ်ပါတယ်။

ဘာသာရေး ရဲတွေဟာ နိုင်ငံရဲ့ တရားရေးကဏ္ဍမှာ ပါဝင်ဆောင်ရွက်ခွင့် မရှိတော့သလို အဲဒီရဲတပ်ဖွဲ့မျိုး ခန့်အပ် ထားရှိမှုကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ မွန်တာဇာရီက ဆိုပါတယ်။ အဲဒီ မတိုင်ခင် တစ်ရက်မှာ မွန်တာဇာရီက အီရန်မှာ အမျိုးသမီးတွေ အနေနဲ့ မဖြစ်မနေ ခေါင်းမြီးခြုံ အ​ဝတ်တွေ ဝတ်ထားရမယ်ဆိုတဲ့ ဥပဒေကိုလည်း လွှတ်တော် အမတ်တွေက ပြန်လည် သုံးသပ် ဆွေးနွေးသင့်ပြီလို့ ထောက်ပြ ပြောဆိုသွားခဲ့ပါသေးတယ်။

အီရန်မှာ ဘာသာရေး ရဲတွေဟာ ၂၀၀၆ ခုနှစ်ကစလို့ ကင်းလှည့် စောင့်ကြည့်မှု တာဝန်တွေ ယူလာကြပါတယ်။ သူတို့ရဲ့ အဓိက တာဝန်က အမျိုးသမီးတွေကို အတိုအပြတ် အဝတ်တွေ၊ ဂျင်းဘောင်းဘီတွေနဲ့ ဘာသာရေးအရ မသင့်လျော်ဘူးလို့ သတ်မှတ်တဲ့ တခြားဝတ်စား ဆင်ယင်မှုတွေကနေ တားဆီး ပိတ်ပင်ဖို့ ဖြစ်ကြောင်း သိရပါတယ်။