စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အခုဒီဇင်ဘာပထမပတ်အထိ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်မီးရှို့တာတွေဆက်လုပ်နေလို့ ဒေသခံသောင်းချီဘေးလွတ်ရာပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာဆိုရင်လည်း ခင်ဦးမြို့နယ်၊ ဗျိုင်းကျိုင်ရွာထဲကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း ဒေသခံ ၈ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။
“ဖမ်းဆီးခံထားရတဲ့သူတွေကမလွတ်သေးဘူး၊ ဒီကောင်တွေစစ်ကြောင်းနဲ့ပါသွားတယ်။ ဒီမနက်ထဲကလက်နက်ကြီးနဲ့တာတိုင်ကိုတအုံးအုံးနဲ့ထုနေတာ၊ အခုကဒီပဲယင်းရော၊ ခင် ဦးကိုရောစစ်ကြောင်းနှစ်ကြောင်းနဲ့လိုက်ရှို့နေတာ။ လူတွေကတော့ဟိုပြေးဒီပြေးပဲမူးမြစ်ထဲပြုတ်ကျတဲ့သူတောင်ရှိတယ်“လို့ဒေသခံတဦးကDNAကိုပြောပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီကနေ့ အထိ ခင်ဦးနယ်မှာ ကျေးရွာပေါင်း ၅၈ ရွာကနေအိမ်ပေါင်း ၂၆၄၆ အိမ်မီးရှို့ဖျက်ဆီးခံရပြီးဖြစ်ပြီး စစ်ဘေးရှောင်တွေလည်းတိုးလာတာဆိုရင် ဒီကနေ့ထိ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ရှောင် ၂၅၀၀၀ ကျော် အထိရှိနေပြီလို့သိရပါတယ်။
လက်ရှိမှာဆိုရင်လည်း ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်က ဆက်ပြီးစစ်ကြောင်းထိုးနေဆဲဖြစ်ပြီး စစ်ရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေပါဝင်ပြီး စားဝတ်နေရေးအခက်အခဲတွေရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။