ရခိုင်မှာ အပစ်ရပ်ပြီးနောက် ဖွင့်ပေးထားတဲ့လမ်းကို နှစ်ရက်အကြာမှာ စစ်တပ်က ​ပြန်ပိတ်

 
ရခိုင်မှာ အပစ်ရပ်ပြီးနောက် ပြန်ဖွင့်ပေးထားတဲ့ လမ်းတွေထဲက တစ်ခုဖြစ်တဲ့ အငူမော် – ရေချမ်းပြင် ရေကြောင်း ကူးတို့လမ်းကို စစ်ကောင်စီတပ်က သွားလာခွင့် ပြန်ပိတ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေနဲ့ ခရီးသွားတွေက ပြောကြပါတယ်။
 
စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့နှစ်ဘက်အပစ်ရပ်ပြီး နောက်တစ်ရက်အကြာ နိုဝင်ဘာ (၂၇)ရက်မှာ မောင်တောနဲ့ စစ်တွေကြား သွားလာရာလမ်းမှာ အသုံးပြုရတဲ့ အငူမော် – ရေချမ်းပြင် ကူးတို့လိုင်းတွေကို နှစ်ရက်ကြာ ပြေးဆွဲခွင့်ပြုခဲ့ပြီး နိုဝင်ဘာ (၃၀) ရက် မနေ့ကစပြီး ပြန်ပိတ်လိုက်တယ်လို့သိရပါတယ်။
 
“နှစ်ရက်သွားခဲ့ရတယ်၊မနေ့ကနေစလို့ ပိတ်လိုက်တာပါ၊ဒီဘက် ရေချမ်းပြင်ဘက်မှာ ရှိတဲ့ စစ်သားတွေက မလာနဲ့ဆိုပြီး ပိတ်လိုက်တာပါ၊ဘာလို့ပိတ်လဲတော့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီလမ်းကို ပိတ်လိုက်တဲ့အတွက် စစ်ကောင်စီက ပြန်ဖွင့်ပေးထားတဲ့ မောင်တော – အငူမော်ကားလမ်းကနေ စစ်တွေကိုလာကြတဲ့သူတွေဟာလည်း အ ခက်အခဲဖြစ်သွားကြရတယ်လို့ ဆိုကြပါတယ်။
 
စစ်ကောင်စီဟာ ရက္ခိုင့်တပ် တော်(AA)နဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေချိန်အတွင်းရခိုင်မြောက်ပိုင်းမှာ ရှိတဲ့ကားလမ်း၊ ရေလမ်းအားလုံးနီး ပါးကို ပိတ်ထားခဲ့ပြီး အပစ်ရပ်လိုက်တဲ့အချိန်မှာ အဲဒီထဲက လမ်းတချို့ကို ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
 
အပစ်ရပ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း နှစ်ဘက်တိုက်ပွဲတွေ ဖြစ်တာမရှိတော့ပေမယ့် စစ်ကောင်စီရဲ့ စစ်ရေယာဉ်တွေကတော့ ရိက္ခာပို့၊ သွားလာလှုပ်ရှားတာတွေ ရှိနေဆဲဖြစ်တယ်လို့ ဒေသံတွေက ပြောကြပါတယ်။
 
“ငြိမ်းချမ်းရေးယူပြီး နောက်တစ်ရက်မှာပဲ ရသေ့တောင်ကနေ အထက်ဘက်ကို နေဗီနှစ်စီးနဲ့ ရိက္ခာပို့ခဲ့တာရှိတယ်” လို့ ရသေ့တောင်ဒေသခံတဦးက ပြောပါတယ်။
 
AA နဲ့ စစ်ကောင်စီတပ်တို့ဟာ နိုဝင်ဘာ( ၂၆ )ရက်ကနေစလို့အပစ်အခတ်ရပ်စဲခဲ့တယ်လို့ နှစ်ဘက်တပ်တွေရဲ့ ပြောရေးဆိုခွင့် ရှိသူတွေက ထုတ်ပြောထားကြပြီး ဒီလိုအပစ်ရပ်တာဟာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့်ဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။
 
အဲဒီလို အပစ်ရပ်လိုက်ပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရသေ့တောင် – ပုဏ္ဏားကျွန်းကားလမ်း၊ ပုဏ္ဏားကျွန်း – စစ်တွေကားလမ်း၊ မင်းပြား – မြေပုံကာလးမ်း၊ စစ်တွေ – မြောက်ဦးရေလမ်း၊ စစ်တွေ – မြေပုံ ရေလမ်းတွေကို စစ်ကောင်စီပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ဒါ့အပြင် ရခိုင်စစ်ဘေးရှောင်တွေအတွက် ကူညီ၊ ကယ်ဆယ်ရေးလမ်းကြောင်းတွေကိုလည်း စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ပါတယ်။
 
အပစ်ရပ်ပြီးချိန်အထိ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုကို ဆက်ပြီး ပိတ်ဆို့ထားမယ်ဆိုရင် တိုက်ပွဲတွေပြန်ဖြစ်နိုင်ချေရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက သတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်။