ကမ္ဘာ့ဖလားမှာ အမျိုးသမီးဒိုင်တွေ သီးသန့် တာဝန်ယူမယ့် ပထမဆုံးပွဲစဉ်ကို ကြေညာ

အမျိုးသား လက်ရွေးစင် အသင်းတွေရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာ ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးတွေချည်းပဲ ပါဝင်တဲ့ ဒိုင်အဖွဲ့က တာဝန်ယူသွားမယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာ ၁ ရက်မှာ ကစားမယ့် ကော်စတာရီကာနဲ့ ဂျာမနီတို့ရဲ့ အုပ်စု(E) အပိတ် ပွဲစဉ်မှာ အမျိုးသား ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ သမိုင်းတလျှောက် အမျိုးသမီး ဒိုင်တွေကချည်း ပထမဆုံးအကြိမ် တာဝန်ယူ ကိုင်တွယ်သွားမယ်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က အတည်ပြုလိုက်ပါတယ်။ 

အဲဒီထဲမှာမှ ပြင်သစ်သူ စတက်ဖ်နီ ဖရက်ပတ်ကတော့ အမျိုးသား ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုကို တာဝန်ယူတဲ့ ပထမဆုံး အမျိုးသမီး ကွင်းလယ်ဒိုင် အနေနဲ့ မှတ်တမ်းသစ် ရေးထိုးတော့မှာပါ။ သူဟာ မက္ကဆီကိုနဲ့ ပိုလန်တို့ ပွဲစဉ်မှာတုန်းကတော့ လူစားလဲလှယ်မှုတွေကို စစ်ဆေးရတဲ့ စတုတ္ထဒိုင် အနေနဲ့ တာဝန်ယူခဲ့ဖူးပါတယ်။ ဒါကလည်း အမျိုးသမီးတစ်ဦး အမျိုးသား ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် စတုတ္ထဒိုင် တာဝန်ယူမှုအဖြစ် မှတ်တမ်း ဝင်ခဲ့ပါသေးတယ်။ 

ဂျာမနီရော၊ ကော်စတာရီကာပါ အုပ်စု အဆင့်က လွတ်မြောက်ဖို့အတွက် အခုပွဲစဉ်မှာ ရလဒ်ကောင်းဖို့ သေရေရှင်ရေးတမျှ အရေးကြီးနေကြပါတယ်။ သူတို့အားလုံး ဖိအားတွေကို ကြိုတင်တွေးတော သဘောပေါက်ထားကြောင်း၊ ဒါပေမဲ့ သူတို့ အမျိုးသမီး ဒိုင်အဖွဲ့က ကိုယ်ပိုင် ရပ်တည်မှုတွေကို ပြောင်းလဲမှာ မဟုတ်ဘဲ စိတ်အေးအေးထားရင်း ပွဲအပေါ်မှာပဲ အာရုံ စူးစိုက်ထားမှာ ဖြစ်ကြောင်း၊ မီဒီယာတွေနဲ့ တခြားကိစ္စတွေကို စိတ်ထဲ မထည့်ဘဲ ကွင်းထဲမှာသာ ရာနှုန်းပြည့် စိတ်နှစ်မြှုပ်ထားရမှာဖြစ်ကြောင်း ဖရက်ပတ်က ပြောပါတယ်။ 

အယ်လ်ဘေ့တ် ကွင်းကြီးထဲမှာ ယှဉ်ပြိုင်မယ့် ပွဲစဉ်အတွက် ဖရက်ပတ်ကို ဘရာဇီးသူ ညူဇာဘက်နဲ့ မက္ကဆီကိုသူ ကာရန်ဒီယက်ဇ်တို့က စည်းကြပ်ဒိုင်တွေအဖြစ် ပါဝင်ကူညီပေးသွားကြမှာပါ။ 

ပရော်ဖက်ရှင်နယ် ဒိုင်လူကြီး ဘဝကို ရွေးချယ်ခဲ့ကတည်းက အမျိုးသမီးတစ်ဦး ဖြစ်ပေမယ့်လည်း သူ့ကို လက်ရွေးစင် အသင်းတွေ၊ ကလပ်အသင်းတွေ၊ ကစားသမားတွေက အားပေး ထောက်ခံခဲ့ကြကြောင်း၊ ကွင်းထဲ ဝင်လာတိုင်း သူ့ကို ဝိုင်းဝန်း ကြိုဆိုကြတယ်လို့ ခံစားရပြီး သူ့ရဲ့ လုပ်ငန်း တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်ခဲ့ကြောင်း၊ ကာတာမှာလည်း ဒီလို အခြေအနေမျိုးပဲ ကြုံရမယ်လို့ မျှော်လင့်ကြောင်းလည်း ဖရက်ပတ်က ဆိုပါတယ်။ 

အသက် ၃၈ နှစ်အရွယ် ဖရက်ပတ်ဟာ ကလပ်အသင်းအဆင့် ဘောလုံးပြိုင်ပွဲတွေမှာ အဆင့်အမြင့်ဆုံးလို့ သတ်မှတ်နိုင်တဲ့ ဥရောပ ချန်ပီယံလိဂ်မှာလည်း ပထမဆုံး အမျိုးသမီးဒိုင် အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ တာဝန်ယူခွင့် ရခဲ့ပါတယ်။ အဲဒီမတိုင်ခင် တစ်နှစ်ကလည်း ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ ကစားတဲ့ ဥရောပ စူပါဖလား ပွဲစဉ်ကို ကြီးမှူးခွင့် ရခဲ့ဖူးပါသေးတယ်။ 

ကာတာမှာ ယှဉ်ပြိုင်မယ့် ပွဲစဉ်တွေအတွက် ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခွင့်ရမယ့် ၃၆ ဦးစာရင်းမှာ ဖရက်ပတ်အပြင် ရဝမ်ဒါက ဆာလီမာ မူကန်ဆန်ဂါနဲ့ ဂျပန်က ယိုရှီမီ ယာမာရှီတာတို့လည်း အမျိုးသမီးတွေအဖြစ် ပါဝင်နေကြောင်း သိရပါတယ်။