မတူပီမှာ ဇနီးမောင်နှံနှစ်ဦးမိုင်းထိပြီး တဦးသေ၊တဦးပြင်းထန်ဒဏ်ရာရ

ချင်းပြည်နယ်၊ မတူပီမြို့မှာ ဒေသခံ ဇနီးမောင်နှံနှစ်ဦး နွားနောက်ကျောင်းရင်း စစ်ကောင်စီ (၃၀၄) တပ်ရင်းနားမှာ မိုင်းနင်းမိလို့ အမျိုးသားဖြစ်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုင်းနင်းမိသူတွေဟာ မတူပီမြို့ လောင်ဗန်းရပ်ကွက်မှာနေထိုင်တဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်ပြီး အသက် (၅၀) ကျော် အမျိုးသားဖြစ်သူက သေဆုံးခဲ့ကာ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးဖြစ်သူဟာလည်း ခြေထောက်နဲ့လက် ပြတ်ထွက်ဒဏ်ရာတွေရပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

“ဒီမနက်အစောကြီး ဖုန်းလိုင်းကလည်းဖြတ်တော့ သူတို့မိုင်းထိတဲ့အချိန် အဆက်သွယ်လည်း လုပ်လို့မရတော့ သွေးထွက်လွန်ပြီးဆုံးသွားတာ”လို့ အဲ့ဒီဇနီးမောင်နှံမိသားစုနဲ့ နီးစပ်တဲ့ မတူပီမြို့ခံတဦးက DNA ကိုပြောပါတယ်။

မတူပီမြို့အခြေစိုက် ခမရ (၃၀၄) တပ်ရင်းအနီးမှာ မိုင်းနင်းမိတာဖြစ်တာကြောင့် စစ်တပ်ကထောင် ထားတဲ့ မိုင်းဖြစ်နိုင်တယ်လို့ ယူဆတာတွေလည်း ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုတွေရှိနေပြီး မတူပီမြို့မှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေပါတယ်။

ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက မတူပီအခြေစိုက် စစ်ကောင်စီ ခမရ (၃၀၄) တပ်ရင်းကို ပစ် ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မတူပီမြို့ ခိုဘွေရပ်ကွက်မှာနေထိုင်တဲ့ အသက် (၃၈) နှစ်အရွယ် အမျိုးသားတဦးဟာ သူပိုင်ဆိုင်တဲ့ “ဝ” ဥစိုက်ခင်းထဲသွားရင်း မိုင်းနင်းမိလို့ သေဆုံးခဲ့ပါသေးတယ်။