ရော်နယ်လ်ဒိုနဲ့ သူ့နဲ့ကြား အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ သွင်းဂိုးအပေါ် ဖာနန်ဒက်စ် မှတ်ချက်ပေး

သူနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကြား ဘယ်သူ သွင်းယူခဲ့သလဲဆိုတာ အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ဂိုးနဲ့ ပတ်သက်လို့ သူကိုယ်တိုင်လည်း သဲသဲကွဲကွဲ မသိခဲ့ကြောင်း ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ​ဝန်ခံခဲ့ပါတယ်။ 

ပေါ်တူဂီဟာ ဥရုဂွေးကို ၂ ဂိုးပြတ် အနိုင်ကစားခဲ့တာကြောင့် အုပ်စုအဆင့်က လွတ်မြောက်ပြီး နောက်တစ်ဆင့် တက်ရောက်ဖို့ အာမခံချက် စောစောစီးစီး ရရှိသွားခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ကမ္ဘာ့ဖလားမှာ ၂ ပွဲပဲ ကစားပြီး ရှုံးထွက်အဆင့် တက်ရောက်ဖို့ သေချာသွားတာဟာ ပေါ်တူဂီ၊ ပြင်သစ်နဲ့ ဘရာဇီး ၃ သင်းသာ ရှိပါသေးတယ်။ 

ဥရုဂွေးကို အနိုင်ရတဲ့ ပွဲစဉ်မှာ ပေါ်တူဂီအတွက် နှစ်ဂိုးစလုံးကို မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်က သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ်မှာ သွင်းယူတဲ့ ပထမဂိုးဟာ ဖာနန်ဒက်စ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို အသင်းဖော် တိုက်စစ်မှူး ရော်နယ်လ်ဒိုက ခေါင်းနဲ့ လျှပ်တိုက်လို့ ဂိုးဝင်သွားတဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပြီး ရော်နယ်လ်ဒိုကလည်း သွင်းဂိုးအတွက် အောင်ပွဲခံခဲ့ပါတယ်။

 ဒါပေမဲ့ ရုပ်မြင်သံကြား အနှေးပြကွက်တွေအရ ရော်နယ်လ်ဒိုဟာ ဘောလုံးနဲ့ လုံးဝ မထိခဲ့ဘဲ ဖာနန်ဒက်စ်ရဲ့ ကန်ချက်ကသာ ဂိုးထဲ ဝင်သွားတာဖြစ်ကြောင်း တွေ့ရှိတဲ့နောက် ဒီဂိုးကို ဖာနန်ဒက်စ် သွင်းတယ်လို့သာ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ရော်နယ်လ်ဒိုဟာ သူ့ဂိုးကို ခိုးယူဖို့ ကြိုးစားခဲ့တယ်လို့ လုံးဝ မယူဆကြောင်း ပြောပါတယ်။ သူကိုယ်တိုင်ကလည်း ဒါဟာ ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးလို့ပဲ ယူဆပြီး ဂုဏ်ပြု အောင်ပွဲခံခဲ့တယ်လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက် အမှန်ကလည်း ဂိုးသွင်းဖို့ မဟုတ်ဘဲ ဖြတ်တင်ဘော ကန်တင်ပေးလိုက်တာသာ ဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ ခေါင်းနဲ့ ဘောလုံး ထိသွားတယ်လို့ ထင်ကြောင်း ဖာနန်ဒက်စ်က ဝန်ခံပါတယ်။ 

အရေးကြီးတာက ဒီဂိုးကို ဘယ်သူသွင်းတယ်ဆိုတာ ငြင်းခုံနေဖို့ မဟုတ်ဘဲ ပေါ်တူဂီအသင်း နိုင်ပွဲရပြီး နောက်တစ်ဆင့် တက်သွားခြင်းသာ ဖြစ်ကြောင်း၊ ပရိသတ်တွေ အနေနဲ့လည်း ဒီကိစ္စကိုပဲ အလေးထား စဉ်းစားကြစေလိုကြောင်း ဖာနန်ဒက်စ်က တိုက်တွန်းသွားခဲ့ပါတယ်။ 

ပေါ်တူဂီဟာ ကမ္ဘာ့ဖလားမှာ ၂ ပွဲကစားပြီး ၅ ဂိုးသွင်းထားရာမှာ ဖာနန်ဒက်စ်က ကိုယ်တိုင် ၂ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။