မိုးဗြဲမှာ မိုင်းနင်းမိလို့ ကလေးသုံးဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ နိုဝင်ဘာ (၂၇) ရက် နေ့လယ်ပိုင်းက တောထဲသွားတဲ့ ကလေးငယ်သုံးဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရကာ တဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Mobye Rescue Team ဆီက သိရပါတယ်။

ဆယ်နှစ်အရွယ်ကလေးနှစ်ဦးနဲ့ ၁၃ နှစ်အရွယ် တဦးပါဝင်တဲ့ မိုးဗြဲဒေသခံ ကလေးသုံးဦးဟာ တောထဲသွားရာက မိုင်းနင်းမိခဲ့တာဖြစ်ပြီး ၁၃ နှစ်အရွယ်ကလေးက ခေါင်းမှာပြင်းထန်ဒဏ်ရာရထားလို့ ခွဲစိတ်ကုသနေရတယ်လို့ သိရပါတယ်။

အဲ့ဒီကလေးသုံးဦး နင်းမိခဲ့တဲ့မိုင်းဟာ စစ်ကောင်စီတပ်တွေက ထောင်ခဲ့တဲ့ မိုင်းဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဆိုပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးဗြဲမြို့မှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာအပြင် မိုးဗြဲမြို့တွင်းနဲ့ မြို့အနီးတောထဲတွေမှာပါ နင်းမိုင်းတိုက်မိုင်းတွေထောင်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မိုးဗြဲမြို့အတွင်း သတိထားသွားလာကြဖို့နဲ့ ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း သွားလာတာမပြုဖို့အပြင် မဖြစ်မနေသွားလာဖို့ လိုအပ်ပါက သက်ဆိုင်ရာ ကာကွယ်ရေးတပ်တွေဆီ အကြောင်းကြားသွားလာကြဖို့ ဒေသကာကွယ်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။