မော်ကျွန်းမှာ အုပ်ချုပ်ရေးမှူးတွေပိုင်တဲ့ KTV နဲ့ အနှိပ်ခန်း ဗုံးခွဲခံရပြီးနောက် လူနှစ်ဆယ်ကျော်အဖမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲချောင်း တံတားအနီးက အုပ်ချုပ်ရေးမှူးနဲ့ လုပ်ငန်းရှင်တချို့ပိုင်တဲ့ KTV နဲ့ အနှိပ်ခန်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက်ပိုင်း ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဗုံးခွဲခံရပြီး နောက်တစ်နေ့မှာဘဲ မသင်္ကာဘူး၊ မေးစရာရှိတယ်ဆိုပြီး သေနတ်တွေနဲ့ ချိန်ပြီးဖမ်းသွားတာ ခုထိပြန်မလွှတ်ပေးသေးဘူး။ နေတိုင်းလိုလို ဖမ်းနေတာ မနေ့က (နိုဝင် ၂၅ ရက်နေ့) အထိ ဖမ်းနေတုန်းပဲ” လို့ မော်ကျွန်းမြို့ခံတစ်ဦးက DNA ကို ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် အဖမ်းခံထားရသူတွေထဲမှာ ကျေးလက်နေ တောင်သူလယ်သမားတွေလည်း ပါဝင်ပြီး စစ်ကောင်စီသတင်းပေးတွေက လက်ညှိုးထိုးနေသူအားလုံးကို ဖမ်းဆီးတဲ့ပုံစံဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဖောက်ခွဲခံရတုန်းက လူတွေတော့မသေဘူး ၊ ဆိုင်နဲ့အသုံးအဆောင်ပစ္စည်းတွေတော့ အနဲအကျဉ်း ပျက်စီးတာရှိတယ်။ ဒါပေမယ့်အဖမ်းခံထားရတဲ့ လူတွေကများတယ်။ ဖမ်းပြီးရင် ရိုက်ကြမှာ နှက်ကြမှာပဲ။ ပြန်လွှတ်ပေးတဲ့အခါ ပိုက်ဆံကပေးရအုန်းမယ် ထင်ပါတယ် ” လို့ အဖမ်းခံရသူတွေရဲ့ မိသားစုတွေနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ဒီ KTV နဲ့ အနှိပ်ခန်းဟာဆိုရင် မော်လမြိုင်ကျွန်းမြို့နယ် ရေယာဉ်အသင်း ဥက္ကဌနဲ့ အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးဝင်းဆွေ၊ အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကျော်မောင်တို့ စုပေါင်းဖွင့်လှစ်ထားတာ ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ အကြမ်းဖက်တွေဖောက်ခွဲတာဆိုပြီး စွပ်စွဲသတင်းထုတ်ပြန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးထဲက မြို့နယ်တိုင်းမှာ ပေါက်ကွဲမှု ဒါမှမဟုတ် ပစ်ခတ်မှု ဖြစ်ပွားတိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ရမ်းသမ်းဖမ်းဆီးလေ့ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမပတ်မှာလည်း မော်လမြိုင်ကျွန်းမြို့ပေါ်က ပျူစောထီးခေါင်းဆောင်လို့ဆိုတဲ့ဦးခင်မောင်ကြည်ကို တော်လှန်ရေး အင်အားစုတွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် မြို့ခံ ၃၀ ကျော်လောက်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။