တန့်ဆည်မြို့နယ် ထန်းပင်ဆိပ်ကျေးရွာကို စစ်တပ်က သုံးကြိမ်မြောက်မီးရှို့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ထန်းပင်ဆိပ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာရွာကို ၃ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီထန်းပင်ဆိပ်ကျေးရွာဟာဆိုရင် စစ်ကောင်စီစစ်ကြောင်း မကြာခဏ ဖြတ်သန်းသွားလာနေတဲ့နေရာဖြစ်တာကြောင့် အရင်က မီး ၂ ကြိမ်ရှို့ခံထားရတဲ့ ရွာဖြစ်ပြီး အခုတကြိမ် မီးရှို့ခံရမှုမှာတော့အိမ်ခြေအားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဒီတခါလောင်တာက တော်တော်များများတယ်ဗျ။ မီးခိုးတွေ တော်တော်တက်တယ်။ သူတို့တွေရှိနေသေးတော့ ရွာနားကို ကပ်လို့မရသေးဘူး။ အဓိကကတော့ စစ်ကြောင်းမှာ ပျူတွေအများကြီးပါတယ်။ ပျူတွေက ဒေသခံတွေဆိုတော့ အကုန်လမ်းကြောင်းရော လူတွေရောသိနေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အခုလို ၃ ကြိမ်မြောက်မီးရှို့ခံရတာကြောင့် အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိတဲ့ ထန်းပင်ဆိပ်ကျေးရွာဟာ အိမ်ခြေ ၁၅၀ လောက် မီးလောင်ပျက်စီးသွားနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ထန်းပင်ဆိပ်ကျေးရွာက စစ်ဘေး‌ရှောင်ပြည်သူတွေဟာ ပျူစောထီးတွေကိုကြောက်ပြီး ရွာကိုမပြန်ရဲကြတော့ဘဲ ဘေးလွတ်ရာမှာသာ နေထိုင်ကြတယ်လို့လည်း သိရပါတယ်။

“ရွာကိုပြန်ရင်လည်း ပြန်ထွက်ဖို့ မလွယ်ဘူး။ အဲ့ဒီတော့ မပြန်ကြတော့ဘူး။ သူတို့အတွက် တနေရာရာစီစဥ်ပေးရမှာ” လို့ စစ်ရှောင်အရေး ကူညီပေးနေသူကလည်း ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း လာကတည်းက ထန်းပင်ဆိပ်ကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပြီး အခုတတိယအကြိမ် မီးရှို့ဖျက်ဆီးခံရမူကြောင့် ရွာလုံးကျွတ် ပြောင်းရွေ့ရဖွယ်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။