ဇင်းကျိုက်မှာ ခွေးရူးကိုက်လို့ ကလေးငယ်တွေအပါအဝင် ဆယ်ဦးထက်မနည်း ဆေးကုသမှု ခံယူနေရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်မြို့မှာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်မနက်ပိုင်းက ကလေးငယ်အပါအဝင် ဒေသခံ ၁၀ ဦးကျော်ကို ခွေးရူးတကောင်က လိုက်ကိုက်ခဲ့လို့ ဆေးကုမှုခံနေရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

ဒီကနေ့ မနက် ၉ နာရီလောက်က ဖလပ်ရပ်ကွက်မှာ ခွေးရူးတကောင်ဟာ လမ်းသွားလမ်းလာသူတွေနဲ့ နေအိမ်အတွင်းမှာရှိနေတဲ့ လူတွေကို လိုက်ကိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ခွေးရူးပဲ လေလွှင့်ခွေးပေါ့၊ လမ်းသွားလမ်းလာသူတွေကို လိုက်ကိုက်တာ၊ ကလေးတွေပါမကျန် တွေ့ကရာလူကို လိုက်ကိုက်တယ်။ အများဆုံးကလေးတွေ ကိုက်ခံထိတယ်။ နေအိမ်ထဲလည်း ဝင်ကိုက်တယ်။ ကိုက်တာမှ မျက်နှာနဲ့ လက်တွေကိုပဲ ကိုက်တာပဲ” လို့ ဇင်းကျိုက်မြို့ခံတစ်ဦးက DNA ကို ပြောပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေကို လိုက်လံကိုက်တဲ့ ခွေးရူးကိုတော့ ရက်ကွက်နေပြည်သူတွေက ဝိုင်းဝန်းရိုက်သတ်လိုက်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ခွေးရူးကိုက်တာခံရတာတဲ့ ကလေးငယ်နဲ့ လူကြီးတွေကိုတော့ ပေါင်မြို့မပြည်သူ့ဆေးရုံမှာ ကာကွယ်ဆေးထိုးနှံပေးထားပြီး ဆေးကုသမှုခံယူနေကြကာ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ပန်းကုန်းကျေးရွာမှာ ဆွမ်းခံကြွနေတဲ့ ကိုရင်အပါအဝင် လမ်းသွားလမ်းလာပြည်သူ ၂၀ ဦးကျော်ကို လမ်းဘေးခွေးလေခွေးလွင့်တစ်ကောင် လိုက်ကိုက်ခဲ့တဲ့ဖြစ်စဉ်မျိုးလည်း ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

ခွေးရူးကိုက်ခံရမယ်ဆိုရင် အစပိုင်းမှာ စိတ်ညိုးငယ်တာ၊ စိတ်တည်ငြိမ်မှုမရှိတာ၊ အလွန်ကြောက်လန့်တာ၊ ဖျားနာတာ၊ အိပ်မပျော်တာ၊ အစားအသောက်ပျက်တာ စတဲ့လက္ခဏာတွေ တွေ့လာရတဲ့အပြင် စကားပြောဆိုပုံကလည်း ပြောင်းလဲလာပြီး နောက်ပိုင်းမှာ အသက်အန္တရာယ်သေဆုံးသွားတဲ့အထိ ဖြစ်ပွားနိုင်တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။