ရန်ကုန်မှာ ပတ်စပို့ရဖို့ ညအိပ်စောင့်ရသူတွေအတွက် အဆောင်ခန်းဌားတဲ့ ‌စျေးကွက်ပေါ်နေ

ရန်ကုန်မြိုမှာ နိုင်ငံကူးလက်မှတ် ပတ်စပို့ပြုလုပ်သူတချို့ဟာ ညအိပ်တန်းစီစနစ်နဲ့ ပတ်စပို့ရုံးထဲကိုဝင်ဖို့စောင့်ဆိုင်းနေရတဲ့အထိ လူဦးရေ များနေတဲ့အကြောင်း ပတ်စပို့သွားရောက်ပြုလုပ်သူတွေဆီကသိရပါတယ်။

မနက် ၆ နာရီခွဲ ပတ်စပို့ရုံးဖွင့်ချိန် ရုံးအတွင်းဝင်နိုင်ဖို့အတွက် ညကတည်းက ရုံးရှေ့မှာ ခုံတန်းစီချနေရာထားယူထားပြီး ညအိပ်ဖို့အတွက် အနီးအနားမှာ အဆောင်ခန်းတွေတည ၃၀၀၀ နဲ့ ဌားနေလို့ရတဲ့ စျေးကွက်လည်း ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

‘’ မာရှယ်လော ရှိလား မရှိဘူးလားတော့ မသိဘူး။ တခြားနေရာကလာတဲ့ လူတွေတော့ မသိဘူး။ အဲဒီအနားတဝိုက်ကတော့ ည ၂ နာရီလောက်မှာတင် ခုံဦးတဲ့သူတွေရော ထမင်းကြော်ဆိုင်တွေရောရောက်နေကြတယ်’’ လို့ ပတ်စပို့သွားရောက်လုပ်ခဲ့သူတဦးက သူ့မှတ်ချက်ကို ရန်ကုန်ပတ်စပို့လုပ်သူများအဖွဲ့မှာ ရေးသားထားတာ တွေ့ရပါတယ်။

အဲဒီလို ညအချိန်ကတည်းက ညအိပ်တန်းစီ ခုံဦးထားပေမယ့် မနက်ရုံးဖွင့်ချိန်နီးရင် စုပြုံတိုးကြတာတွေဖြစ်နေပြီး ညစောင့်ပြီး နေရာဦးထားတာတွေလည်း အလဟာသဖြစ်တဲ့အထိ စည်းလွတ်ဝါးလွတ် ဖြစ်နေတယ်လို့လည်း ပတ်စပို့ သွားရောက်လုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကပြောင်းလဲလိုက်တဲ့ ပုံစံကြောင့်ပတ်စပို့မလုပ်ခင် အွန်လိုင်းကနေ ကြိုတင်စာရင်းယူရတဲ့ QR ကုတ် ယူရတဲ့စနစ်ဖြစ်လာပြီး QR ကုတ်ရဖို့ ငွေ ၃ သောင်းကနေ တစ်သိန်းအထိ ပေးရတဲ့အခြေအနေလည်း ဖြစ်နေပါတယ်။

ဒီအခြေအနေတွေကြောင့် စစ်အာဏာမသိမ်းခင်က နိုင်ငံကူးလက်မှတ်အတွက် ငွေကျပ် ၃ သောင်းခွဲလောက်ကျသင့်ရာကနေ ငွေကျပ် ၅ သိန်းလောက်အထိ ပေးရတဲ့ စျေးကွက်လည်းဖြစ်နေတယ်လို့နိုင်ငံကူးလက်မှတ်လုပ်သူတွေက ပြောပြကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အထွေထွေအကျပ်အတည်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတွေကြားမှာ ပြည်ပထွက်ခွာအလုပ်လုပ်သူတွေပိုများလာပြီးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေမှာလည်း လူအုပ်တန်းရှည်နဲ့ စောင့်ဆိုင်းပြီးခက်ခက်ခဲခဲပြုလုပ်ရတဲ့အခြေအနေဖြစ်နေပါတယ်။