ရာသီဥတုဖောက်ပြန်မှုကို ရုန်းကန်နေရတဲ့ မိရိုးဖလာစိုက်ပျိုးရေး

◾ကျော်အောင်

စပါးစိုက်ပျိုးစရာသီ တလင်းပြင်ချိန်မှစပြီး ရိတ်သိမ်းချိန်အထိ ဂရုတစိုက် အရိပ်တကြည့်ကြည့် စိုက်ခဲ့ရတဲ့ စပါးခင်းဟာ ဒီနှစ်လည်း အထွက်မတိုးတာကြောင့် အပူပိုင်းဇုံဒေသရဲ့တောင်သူတစ်ဦးဖြစ်တဲ့ ကိုမျိုးအေး တစ်ယောက် စိတ်ဓာတ်ကျနေပါတယ်။

ထယ်ရေးထွန်ရေးကို သေချာပြင်ဆင်ပြီး သွင်းအားစု မြေဆီ၊ ပေါင်းသတ်ဆေး၊ စိုက်ပျိုးရေကို အချိန်အဆအတိုင်း နေပူမရှောင် မိုးရွာမရှောင် အားထုတ်ခဲ့ပေမယ့် စပါးအထွက်မတိုးခဲ့တာ ၅ နှစ် ရှိပြီလို့ ကိုမျိုးအေးက ဆိုပါတယ်။

“ အခု ဆည်ရေရလို့ တစ်နှစ် နှစ်သီးစိုက်ချိန်မှ အထွက်မတိုးတော့တဲ့အပြင် သီးနှံအရည်အသွေးက ထူးလည်း ကောင်းမလာဘူး” လို့ ကိုမျိုးအေးက စိတ်ပျက်လက်ပျက် ပြောဆိုပါတယ်။

ဘိုးဘွားဘီဘင် လက်ထက်ကတည်းက နွားနဲ့ဖက်ရုန်း လုပ်ကိုင်လာတဲ့ မိရိုးဖလာအသက်မွေးဝမ်းကြောင်း စိုက်ပျိုးရေးအမွေပညာဟာ ဖောက်ပြန်လာတဲ့ ရာသီဥတုကို ကျော်လွှားနိုင်ခြင်း မရှိတော့ဘူး ဆိုတာကို နားလည်လက်ခံပြီလို့ ကိုမျိုးအေးက ဆိုပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုက နှစ်ပေါင်း ၄၀ အတွင်း လူသားတွေကို တိုက်ရိုက် သက်ရောက်လာပြီး အဆိုးဆုံးက စိုက်ပျိုးရေး လုပ်ငန်းတွေကို ထိခိုက်မှု ကြီးမားစေတာပဲ ဖြစ်ပါတယ်။

ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့ ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဓိကအကြောင်းအရင်းကတော့ လူသားတွေပယောဂ စက်ရုံအလုပ်ရုံက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ လိုအပ်တာထက်ပိုမိုများပြားလာတဲ့အတွက် ဖြစ်ပါတယ်။

ကမ္ဘာ့ရာသီဥတုကို ပြောင်းလဲစေတာဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်အပြင် မီသိမ်း၊ နိုက်ထရပ်စစ်အောက်ဆိုဒ်၊ အိုဇုန်းဓာတ်၊ ခလိုရိုဖူလအိုရိုကာဗွန်ဓာတ်ငွေ့ တို့လည်း ပါပါတယ်။

အဲဒီထဲက မီသိမ်းနဲ့ တချို့ဓါတ်ငွေ့တွေဟာ မိရိုးဖလာ စိုက်ပျိုးရေးလုပ်ငန်းကနေ ထွက်ရှိတာဖြစ်ပါတယ်။

စိုက်ပျိုးရေးကနေ ရာသီဥတုကို ပြောင်းစေတဲ့ လုပ်ရပ်တွေက တောင်ယာခုတ်ခြင်း၊ မီးရှို့ခြင်း၊ ကောက်ရိုးကျန် မီးရှို့ခြင်း၊ ထယ်ထိုးထွန်မွှေခြင်း၊ ပေါင်းသတ်ဆေး ဓာတုဓာတ်မြေသြဇာ သုံးခြင်း၊  စပါးခင်း ရေမြှုပ်ထားခြင်းတွေ ဖြစ်တယ်လို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွဲဖက်ပါမောက္ခအငြိမ်းစားလည်းဖြစ် စိုက်ပျိုးရေးဆိုင်ရာသုတေသီ ဦးသိန်းဆုက ပြောဆိုထားပါတယ်။

ဒါကြောင့် တောင်သူများဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်ခံစားနေရသလို မိရိုးဖလာ စိုက်ပျိုးစနစ်ကလည်း ရာသီဥတု ပြောင်းလဲမှုကို ပိုမိုဖြစ်ပေါ်စေတဲ့အတွက် ရာသီဥတု ပြောင်းလဲမှုနဲ့မိရိုးဖလာ စိုက်ပျိုးနည်းဟာ သံသရာလည်နေသလို ဖြစ်နေပါတယ်။

ဒါကြောင့် ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေတဲ့ စိုက်ပျိုးရေး (Climate Smart Agriculture- CSA) နည်းဗျူဟာကို ချမှတ်လုပ်ဆောင်နိုင်ဖို့ ပညာရှင်တွေရော၊ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကပါ အလေးထား ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။

ဒီလို ခေတ်နဲ့လျော်ညီတဲ့ စိုက်ပျိုးရေး နည်းဗျူဟာတွေကို လက်ခံလုပ်ဆောင်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံလည်းဖြစ် စိုက်ပျိုးရေးကို အဓိကထားတဲ့ မြန်မာနိုင်ငံက တောင်သူတွေအဖို့ စိန်ခေါ်မှု ကြီးကြီးမားမား ဖြစ်နေတယ်လို့ စိုက်ပျိုးရေး ဝန်ထမ်းတွေက ဆိုပါတယ်။

ရာသီဥတုပြောင်းလဲလို့ အထွက်နှုန်းတွေ ကျလာတာကို တောင်သူတွေက လက်ခံကြပေမယ့် မိရိုးဖလာ စိုက်ပျိုးမှုတွေကြောင့် ကမ္ဘာ့ကြီး ပိုပူနွေးလာတယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုချက်တွေကိုတော့ တောင်သူ အများစုက ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

“စိုက်ပျိုးရေးကြောင့် ရာသီဥတုပြောင်းလဲတာကို သက်သာစေတဲ့ နည်းလမ်းတွေကျ မိရိုးဖလာ စိုက်ပျိုးရေးနဲ့ ဆန့်ကျင်နေတယ်ဆိုပြီး တောင်သူ ၁၀၀ ကို စည်းရုံးရင် ၁၀ ယောက်လောက်တောင် လက်မခံချင်ဘူး’’လို့ စိုက်ပျိုးရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြင်းထန်တဲ့ ရာသီဥတု ပြောင်းလဲမှုတွေဖြစ်တဲ့ မိုးရွာသွန်းမှု ပုံမမှန်တာ၊ ရေငတ်ဒဏ်ခံရတာ၊ စိုက်ပျိုးရာသီ တိုတောင်းသွားတာ၊ ကန္တာရဆန်လာတာ၊ ပိုးမွှားကျတာများလာတွေက တောင်သူတွေအပေါ် ကြီးမားတဲ့ ပြဿနာ ဖြစ်စေခဲ့တာပါ။

အထူးသဖြင့်  မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုံဒေသက တောင်သူတွေ ပိုခံစားနေရပါတယ်။ အလားတူ မြန်မာနိုင်ငံအောက်ပိုင်း ဒေသတွေမှာလည်း မုန်တိုင်းတိုက်ခတ်တာ၊ ပင်လယ်ရေမြှင့်တက်လာတာကြောင့် စိုက်ပျိုးမြေတွေမှာဆားငန်ရေဝင်တာ၊ မြေတိုက်စားခံရတာ၊ မြေပြိုတာတွေကို ကြုံတွေ့နေရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်မားမှုကြောင့် စိုက်ပျိုးသီးနှံ အထွက်နှုန်းကျပြီး ၁၉၈၁ ခုနှစ် ကနေ၂၀၂၀ ပြည့် နှစ်အကြား နိုင်ငံပေါင်း ၁၀၃ နိုင်ငံမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ခံစားနေရတဲ့ ခန့်မှန်းလူဦးရေ ၉၈ သန်းထိ တိုးလာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့-WFP က ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ အဓိကစိုက်ပျိုးသီးနှံဖြစ်တဲ့ စပါးကို ရာသီဥတုဒဏ်ခံ စပါးမျိုးအဖြစ် ပြောင်းလဲစိုက်ဖို့ အရေးကြီး လိုအပ်လာပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလည်းဖြစ်တဲ့ အပူပိုင်းဇုန်ဒေသ စစ်ကိုင်းတိုင်းမှာ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန နှစ်ခု ဖွင့်ပြီး မိုးခေါင်ရေရှားမှုဒဏ်ခံ စပါးမျိုးတွေနဲ့ သက်တမ်းတို ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ စက်မှုကုန်ကြမ်းသီးနှံတွေ ထုတ်လုပ်ပြီး တောင်သူတွေကို ဖြန့်ဝေနေပြီဖြစ်တယ်လို့ စိုက်ပျိုးရေး ဝန်ထမ်းတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ဇလုပ်ရပ်ကွက်ရှိ စိုက်ပျိုးရေးသုတေသနဌာန အရာရှိတစ်ဦးက “ဒေသတစ်ခုနဲ့တခု ရာသီဥတုပြောင်းလဲလို့ ဒဏ်ခံရပုံခြင်း မတူဘူး၊ မိုးများတဲ့ဧရာဝတီတိုင်းမှာကျ ရေဝပ်ဒဏ်ခံစပါး သုတေသနလုပ် ဖြန့်ရပေမယ့် မိုးခေါင်တဲ့စစ်ကိုင်းတိုင်းကျ ရေငတ်ဒဏ်ခံ စပါးပေါ့၊ တစ်နှစ်ထက်တစ်နှစ် ပိုပြီးထုတ်ပေးလာရတယ်” လို့ ဆိုပါတယ်။

ရာသီဥတုဒဏ်ခံ စပါးတွေကို စိုက်ပျိုးရေးသုတေသနဌာနက တိုက်ရိုက် ဖြန့်ဝေပေးသလို ပြင်ပကုမ္ပဏီတွေက တဆင့်လည်း တောင်သူတွေထံ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။

“မျိုးစပါးက အဓိကပဲ၊ ကိုယ့်လယ်ကထွက်တဲ့ စပါးကို နောက်နှစ်အတွက် မျိုးချန်စိုက်တာက မဖြစ်တော့ဘူး။ မြေဆီ၊ လုပ်သားခ၊ ရိတ်သိမ်းခတွေလည်း ဈေးတက်လာပြီး အထွက်က တိုးမလာ၊ ကိုယ့်လက်ထဲကျ ဈေးက မကောင်း၊ အလုပ်မရှိလို့ လယ်ယာလုပ်ငန်း လုပ်နေရသလို ဖြစ်နေတာ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာတွေလည်း ဂရုမစိုက်နိုင်ဘူး” လို့ ရွှေဘိုမြို့နယ်ခံ တောင်သူတစ်ဦးက ပြောပါတယ်။

ရာသီဥတုနဲ့ လိုက်လျောညီထွေတဲ့ စိုက်ပျိုးရေးလုပ်ဆောင်ရာမှာ အထွက်ကောင်း ဝင်ငွေတိုးရမယ်၊ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အလိုက်သင့်ခံနိုင်အောင် လုပ်ရမယ်၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရမယ် စတဲ့ အင်္ဂါသုံးရပ်ပြည့်စုံဖို့ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့- FAO က သတ်မှတ်ပြဌာန်း ထားပါတယ်။

ရာသီဥတုပြောင်းလဲမှုက ပညာရှင်တွေ ခန့်မှန်းတွက်ချက်ထားတာထက်ကို အချိန်တိုအတွင်း ပြောင်းလဲမှု မြန်နေတာကြောင့် တောင်သူတွေအနေနဲ့ လိုက်လျောညီထွေတဲ့ စိုက်ပျိုးမှုစနစ်ကို မဖြစ်မနေ ပြောင်းလဲ လုပ်ဆောင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်ရွာခံ စပါးစိုက်တောင်သူက “သမားရိုးကျ မစိုက်ဘဲ ပညာရှင်တွေရဲ့ အကြံဉာဏ်အတိုင်း စိုက်တာ၊ အထွက်နှုန်းတော့ မလျော့ဘူး၊ တလင်းရှင်းမထားဘဲ ကောက်ရိုးပြတ်တွေ လယ်ထဲဖြန့်ကြဲထားတာက မြွေနဲ့ကြွက်အန္တရာယ် ဖိတ်ခေါ်တာမို့ တခြားဘဝတူတောင်သူတွေရဲ့ ဝေဖန်တာခံရတယ်။ အရူးလားလို့ ကြည့်ခံရတယ်” လို့ ပြောပါတယ်။

အပူချိန် တစ်ဒီဂရီတိုးတိုင်း သီးနှံအထွက် ၁၀ ရာခိုင်နှုန်း လျော့ကျသွားတာဖြစ်လို့ နောင်ဖြစ်လာမယ့် အပူကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စိုက်ပျိုးရေးလုပ်ဖို့ဆိုတာ မိရိုးဖလာစိုက်နည်းတွေအတွက် စိန်ခေါ်မှုတွေ ဖြစ်လို့နေပါပြီ။

ရာသီဥတုနဲ့ လိုက်လျောညီထွေ စိုက်ပျိုးရေးစနစ်တွေကို အကြံပေးနေတဲ့ စိုက်ပျိုးရေးဆိုင်ရာသုတေသီ ဦးသိန်းဆုက ဥတုဖောက်ပြန်မှုက ငြီးတွားနေရမယ့် ကိစ္စမဟုတ်တော့ဘဲ တောင်သူတစ်ဦးချင်းစီရဲ့ အတွေးအခေါ် အယူအဆဟောင်း၊ လုပ်ပုံကိုင်ပုံအဟောင်းတွေကို စွန့်လွှတ်ပြီး ပြုပြင်လုပ်ဆောင်မယ်ဆိုရင် အချိန်မီ သေးတယ်လို့ တိုက်တွန်း ပြောဆိုထားပါတယ်။