ထီးလင်းမြို့နယ် ဝါးရင်းချိုင်ရွာက မီးဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တဲ့ ထီးလင်းမြို့နယ် ဝါးရင်းချိုင်ကျေးရွာက ပြည်သူသုံးရာကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ဝါးရင်းချိုင်ရွာသားတဦးက DNA ကိုပြောပါတယ်။

“ဆန်အသစ်မပေါ်ခင်ဆန်ရယ်၊ မီးဖိချောင်သုံးပစ္စည်း ဆီး၊ ဆား၊ ငါးပိစသည်အားဖြင့်လိုတယ်၊ လောလောဆယ် မီးမလောင်ဘဲကျန်ခဲ့တဲ့အိမ်က ဆန်ဆီဆားတွေကို မျှဝေစားနေရတယ်” လို့ ဝါးရင်းချိုင်ရွာသားတဦးက ပြောပါတယ်။

လက်ရှိမှာ ရွာခံတွေရဲ့ စပါးခင်းတွေမာ့ ရိတ်သိမ်းချိန်ရောက်နေတဲ့ စပါးတွေရှိနေပေမယ့် ဝါးရင်းချိုင်ရွာဟာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ထီးလင်းမြို့နဲ့ နီးတဲ့အတွက် စပါးတွေလည်း သွားမရိတ်ရဲဘူးလို့ ရွာခံတောင်သူတဦးက ပြောပါတယ်။

“အခြေအနေကြည့် ဝိုင်းရိတ်ကြရင်တော့ ဖြစ်နိုင်မယ်လို့တွေးတယ်၊ စပါးကရိတ်ပြီးရင်လည်း တောထဲသယ်ရမှာ၊ ရွာထဲမှာ ထားလို့အဆင်မပြေတော့ဘူး” လို့ သူကဆိုပါတယ်။

ဝါးရင်းချိုင်ရွာက မီးဘေးသင့်ပြည်သူတွေဟာ တောထဲမှာတဲဆောက်နေကြရပြီး နေအိမ်မီးမသင့်ဘဲ ကျန်ခဲ့တဲ့သူတွေ အနေနဲ့လည်း ရွာထဲကအိမ်မှာ မအိပ်ရဲလို့ တောထဲက စစ်ရှောင်နေရာမှာပဲ ညအိပ်ကြတယ်လို့သိရပါတယ်။ ရွာသူ၊ရွာသားအားလုံး တောထဲမှာ စစ်ဘေးရှောင်ဖြစ်နေတဲ့အတွက် မိုးကာ၊စောင်၊ အဝတ်အထည်တွေလည်း လိုတယ်လို့ သိရပါတယ်။

“အိမ်ကနေ တောထဲကို ကယ့်ခင် (ရိက္ခာအသုံးအဆောင်တွေသယ်နိုင်) တဲ့အိမ်ရှိတယ်၊ မကယ့်နိုင်လိုက်တဲ့အိမ်ရှိတယ်၊ ကျွန်တော်တို့အိမ်ဆို ဘာမှမကယ့်နိင်လိုက်ဘူး၊ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့နေရတယ်” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဝါးရင်းချိုင်ကျေးရွာက ပြည်သူတွေဟာ စပါးရိတ်သိမ်းလုနီးအချိန်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီး သွားတာ ဖြစ်တဲ့အတွက် စပါးရိတ်သိမ်းပြီး ကောက်သစ်မပေါ်ခင်ကြား စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတာဖြစ်ပြီး လက်ရှိမှာ ဒေသတော်လှန်ရေးတပ်တွေက စားနပ်ရိက္ခာ ပြန်ထောက်ပံ့နေရတာပါ။

” ဒီနေ့ လောလောဆယ် ကျွန်တော်တို့တပ်ခွဲတစ်ခုက ဆန်တွေထမ်းပြီးသွားပို့ကြတယ်၊ အလှူခံပြီး လိုအပ်တာတွေ တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားမှာပါလို့ ” ဒေသခံကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ YRA က ပြန်ကြားရေး တာဝန်ခံ ကိုမောင်ကောင်းက ပြောပါတယ်။
ဝါးရင်းချိုင်ရွာ ပြည်သူတွေအတွက် လိုအပ်နေတဲ့ မိုးကာ ကျပ်ဆယ့်ငါးသိန်းဖိုးနဲ့ စပါးရိတ်ဖို့ လိုအပ်နေတဲ့ တံဇဥ်သုံးသိန်းခွဲဖိုးကိုလည်း YRA တပ်ဖွဲ့ကပဲ ဒီကနေ့ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ယောဒေသကာကွယ်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ YRA က ယနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့မှာ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ထီးလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာ (၂၄) ရက်မှာ ဝါးရင်းချိုင်ရွာကို စီးနင်းဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး အိမ်ခြေသုံးဆယ်ကျော် ပျက်စီးခဲ့ပြီး ရွာခံလူဦးရေရာချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။