တမူး-ကလေး လမ်းပေါ်က ခရိုနီကုမ္ပဏီပိုင် အဆောက်အအုံတွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

အိန္ဒိယဘက်က စစ်လက်နက်ပစ္စည်းတွေကို သယ်ဆောင်ပြီး လုံခြုံရေးအင်အား အများအပြားနဲ့ တမူးကနေ ကလေးမြို့ကို လာနေတဲ့စစ်ကောင်စီယာဥ်တန်းဟာ ကလေး – တမူးလမ်းဘေး၊ ၅၅ မိုင်အနီးက တင်ဝင်း ထွန်း စိုက်ပျိုးရေးကုမ္မဏီပိုင်ခြံထဲက ဘန်ဂလိုတွေကို နိုဝင်ဘာလ (၂၅) ရက်နေ့ နေ့လယ်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဘန်ဂလိုလေးတွေက ဘေးမှာသစ်ပင်လေးတွေ စိမ်းစိမ်းစိုနဲ့ လှတယ်၊ လေးငါးလုံးလောက်ရှိတာ၊ သက်သက် မဲ့မီးရှို့သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တင်ဝင်းထွန်း စိုက်ပျိုးရေး ကုမ္ပဏီဟာ စစ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ ခရိုနီစီးပွားရေး လုပ်ငန်းရှင် ဦးတင်ဝင်း ပိုင်ဆိုင်တဲ့ ကုမ္ပဏီတခုဖြစ်ပြီး အရင်စစ်အစိုးရလက်ထက်မှာ စိုက်ပျိုးရေး လုပ်ငန်းလုပ်ဖို့ မြေဧကထောင်ချီ ရယူခဲ့ပေမယ့် အမှန်တကယ်စိုက်ပျိုးတာမရှိလို့ ပြီးခဲ့တဲ့ လွှတ်တော်တွေမှာ မေးမြန်းဆွေးနွေးခံခဲ့ရဖူးတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာလည်း အဲ့ဒီကုမ္ပဏီကရယူထားတဲ့ မြေဧကထောင်ချီကို အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေတာ မရှိလို့ ပြန်သိမ်းဆည်းဖို့ ၂၀၁၈ ခုနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ဖူးပါတယ်။

“အဲ့ဒီ ကုမ္ပဏီက ခရိုနီပေါ့၊ ချင်းတွင်းအနောက်ဘက်ကမ်းတလျှောက် မြေယာပိုင်ဆိုင်မှုတွေ လုပ်ကွင်း၊ လုပ်ကွက်တွေ တော်တော်ရှိတယ်” လို့ ကလေးမြို့ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ယာဉ်တန်းက ခရိုနီကုမ္ပဏီတခုပိုင် အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြောင်းအရင်းကို မသိရပေမယ့် အခုလိုလမ်းဘေးအဆောက်အဦးတွေ မီးရှို့ဖျက်ဆီးမှုလုပ်တာကြောင့် တမူး – ကလေး လမ်းမကြီးဘေးမှာ အဆောက်အဦးရှိတဲ့ ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ကလေးဒေသခံတွေက ဆိုပါတယ်။

ခုသူတို့လုပ်တဲ့ပုံစံအတိုင်းဆို လမ်းဘေးတစ်ရွာနဲ့တစ်ရွာကြားမှာ ထီးထီးရှိနေတဲ့ နေအိမ်တွေနဲ့ အဆောက်အုံ တဲတွေအတွက် စိုးရိမ်စရာဖြစ်လာတာပေါ့၊ ရွာတွေကိုတော့ မလုပ်လောက်ဘူးထင်တာပဲ” လို့ ကလေးဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီစစ်ကောင်ယာည်တန်းဟာ နိုဝင်ဘာ (၂၅) ရက်ညမှာ ၅၅ မိုင်အနီးက အမှတ် (၁) စိုက်ပျိုးရေးနဲ့ မွေးမြူရေး အကျဉ်းစခန်းမှာ ညအိပ်ရပ်နားခဲ့တယ်လို့ သိရပြီး ဒီကနေ့ နိုဝင်ဘာ (၂၆) ရက်မှာ ဘယ်အထိရောက်နေပြီဆိုတာ မသိရသေးပါဘူး။

အဲ့ဒီစစ်ယာဉ်တန်းဟာ နိုဝင်ဘာ (၁၅) ရက်မှာ တမူးမြို့ကနေ စတင်ထွက်ခွာလာတာဖြစ်ပြီး ဆယ်ရက်ကျော်ကြာတဲ့အထိ ကလေးမြို့ကို ရောက်မလာသေးပါဘူး။ တမူးမြို့နဲ့ ကလေးမြို့ဟာ ပုံမှန်အားဖြင့် ကားနဲ့ သုံးနာရီဝန်းကျင်သာ သွားလာရတဲ့ အကွာအဝေးမှာ ရှိပါတယ်။